ဗီလာကို အနိုင်ရပြီးနောက် ယခုနှစ်ရာသီ ပရီမီယာလိဂ် အဝေးကွင်း ရှုံးပွဲမရှိသေးတဲ့ မန်ယူ

ပရီမီယာလိဂ်ပွဲစဉ် (၃၅) မှ အက်စ်တွန်ဗီလာအသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို မေ ၉ ရက် ညပိုင်းက အက်စ်တွန်ဗီလာအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ရိုးမားအသင်းကို ရှုံးနိမ့်ခဲ့သော လူစာရင်းကို လေးဦးအထိ အပြောင်းအလဲပြုလုပ်ပြီး ရက်ဖို့ဒ်ပေါ့ဂ်ဘာ၊ ဖာနန်ဒက်ဇ်၊ ဂရင်းဝုဒ်စသည့် အဓိက ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။ ဗီလာအသင်းက ပြီးခဲ့သည့် အဲဗာတန်အသင်းကို အနိုင် ရရှိခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်လာခြင်းမရှိဘဲ ထရာအိုရေး၊ ဘာကလေ၊ အယ်ဂါဇီ၊ ဝတ်ကင်စ်စသည့် အဓိက ကစားသမားအများစုဖြင့် မန်ယူအသင်းကို ရင်ဆိုင်လာခဲ့သည်။

ရလဒ်ကောင်းပိုင်ဆိုင်နိုင်ရေးကိုသာ အာရုံစိုက်ကစားလာသည့်အတွက် ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်။

ဦးဆောင်ဂိုးကို ဗီလာအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် ထရာအိုရေးက သွင်းယူပေးနိုင်ခဲ့ သည်။ မန်ယူအသင်းသည် ထိရောက်သည့် ဂိုးကန်သွင်းမှုများရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင် ခြင်းမရှိသောကြောင့် ပထမပိုင်းကို ဗီလာအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် မန်ယူအသင်း ကစားကွက်တည်ငြိမ်လာခဲ့ပြီး ပွဲချိန် ၅ မိနစ်တွင် ပယ်နယ်တီကန်ခွင့် ရရှိခဲ့သည်။ အဆိုပါ ပယ်နယ်တီကို ဖာနန်ဒက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့၍ တစ်ဖက် တစ်ဂိုးစီဖြင့် အကြိတ်အနယ်ရှိလာခဲ့သည်။

ထို့နောက်တွင် ဗီလာအသင်းအပေါ် မန်ယူအသင်း ဖိအားပေးကစားလာနိုင်ခဲ့ပြီး ဒုတိယဂိုးရရှိခဲ့သည်။ အဆိုပါဂိုးကို ဝမ်ဘစ်ဆာကာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂရင်းဝုဒ်က သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းပွဲချိန်ပြီးခါနီးတွင် မန်ယူအသင်းကစားအားကျလာခဲ့ပြီး ဗီလာအသင်း ဆက်တိုက်ဖိအားပေး ကစားလာနိုင်ခဲ့သည်။ သို့သော်လည်း မန်ယူနောက်တန်းမှ ဝမ်ဘစ်ဆာကာ၊ ဂိုးသမား ဟန်ဒါဆန်တို့ ကာကွယ်ထားနိုင်မှုတို့ကြောင့် လိုအပ်နေသည့် ဂိုးများကို မြင်တွေ့ခဲ့ရခြင်းမရှိချေ။မန်ယူအသင်းအတွက် တတိယဂိုးကို ၈၇ မိနစ်တွင် ရက်ဖို့ဒ်၏ ဖန်တီးပေးမှုမှတစ်ဆင့် လူစားဝင် တိုက်စစ်မှူး ကာဗာနီက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၉ မိနစ်တွင် ဗီလာအသင်းမှ ဝတ်ကင်စ် နှစ်ဝါတစ်နီဖြင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက်ပိုင်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် မန်ယူအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

မန်ယူအသင်းသည် ယခုအနိုင်ပွဲကြောင့် ၃၄ ပွဲကစားပြီး ရမှတ် ၇၀ ဖြင့် အဆင့်(၂) နေရာ၌ ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

အောင်ဇော်