ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်မှ လာမည့် လေကြောင်းခရီးစဉ်များ ဖိလစ်ပိုင် ပိတ်ပင်

၂၃ ဒီဇင်ဘာ

 

 

ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြန်နေသဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ထိုနိုင်ငံမှ လေကြောင်းခရီးစဉ်များကို ဖိလစ်ပိုင်နိုင်ငံက ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာရီက ယနေ့တွင် ပြောကြားသည်။

 

 

ဖိလစ်ပိုင် နိုင်ငံသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်သဖြင့် ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးစဉ်ကို ခေတ္တ ဆိုင်းငံ့ထားသည့် ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်သည်။

 

 

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးစဉ် အားလုံးကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ ဒီဇင်ဘာ ၃၁ ရက်အထိ  ယာယီဆိုင်းငံ့ထားကြောင်း ယမန်နေ့က အတည်ပြု ပြောကြားခဲ့သည်ဟု  ၎င်းက ပြောကြားသည်။

 

 

ဗြိတိန်နိုင်ငံတွင် တွေ့ရသော ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုး ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရှိခြင်း မရှိသေးကြောင်းနှင့် အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။

 

 

ဖိလစ်ပိုင်နိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၆၂၈၁၅ ဦး ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၀၂၁ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို