ဗီဇာဖြေလျော့ခွင့်ပြုပေးမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု သိသာစွာတိုးတက်လာ

မန္တလေး  ၁၆   စက်တင်ဘာ 


မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မှုလွယ်ကူစေရန် ဗီဇာဖြေလျော့၍ ခွင့်ပြုပေးနေမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုမှာ ယခုနှစ် ခြောက်လတာကာလအတွင်း သိသာစွာ တိုးတက်များပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။


''ခရီးသွားတွေ ဝင်ရောက်မှုလွယ်ကူစေဖို့ နိုင်ငံတော်က ၂၀၁၈ ခုနှစ် အောက်တိုဘာလကစပြီး ဗီဇာဖြေလျော့မှုတွေ ပေးလိုက်တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ မန္တလေးတိုင်းအတွင်းကို ခရီးသွားဝင်ရောက်မှုက လစဉ်သိသိသာသာကို တိုးတက်လာတယ်။ လက်ရှိမှာ ခရီးသွားရာသီကာလ မရောက်သေးပေမယ့် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာကာလအတွင်း ဝင်ရောက်မှုက ၃၄၀ဝ၀ဝ ကျော်အထိ ရှိနေတယ်။ မနှစ်က ခြောက်လတာကာတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်သိန်းကျော် ပိုမိုဝင်ရောက်နေတာကို တွေ့ရတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုက ၂၀၁၈ ခုနှစ်ထက် သိသိသာသာကို တိုးတက်လာမယ်လို့ ပြောနိုင်ပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်မှာလည်း ဒီထက်ပိုမိုဝင်ရောက်လာ တော့မှာပါ'' ဟု ၄င်းက ပြောသည်။


နိုင်ငံတော်အစိုးရမှ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်၍ အမျိုသားအကျိုးစီးပွားနှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများ ဒေသခံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစ၍ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်၍ ဖြေလျော့မှုများအဖြစ် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်နှင့် မကာအိုနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ပြု၍ လည်းကောင်း၊ တရုတ်နိုင်ငံကို ဆိုက်ရောက်ဗီဇာအဖြစ် စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်၍ လည်းကောင်း၊ အိန္ဒိယနိုင်ငံကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် လည်းကောင်း ဖြေလျော့မှုများပေးခဲ့ပြီး ယခုအခါ အဆိုပါ နိုင်ငံများအား ထပ်မံ၍ တစ်နှစ်သက်တမ်း တိုးမြှင့်ပေးရန် သတ်မှတ်ပေးထားကြောင်း သိရသည်။


ထို့ပြင် ယခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ကာ ဥရောပ ခြောက် နိုင်ငံဖြစ်သော သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွတ်စလန်နိုင်ငံတို့မှ ခရီးသွားများကိုလည်း ဆိုက်ရောက်ဗီဇာစနစ်ဖြင့် လေကြောင်းလိုင်းများမှ ဖြေလျော့မှုပေး၍ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။


''ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဝင်ရောက်မှုလွယ်ကူစေဖို့က အဓိက ကျပါတယ်။ ခရီးသွားနဲ့ အောင်မြင်နေတဲ့ နိုင်ငံတိုင်းမှာလည်း သူတို့နိုင်ငံကို ဝင်ရောက်မှုလွယ်ကူစေဖို့ ဗီဇာဖြေလျော့မှုတွေ ပေးပြီး တစိုက်မတ်မတ် ဆောင်ရွက်နေကြ တာပါ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း ဗီဇာဖြေလျော့မှုတွေအပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လေကြောင်းလိုင်းတွေ လည်း တိုးချဲ့ပျံသန်းပေးနေပါတယ်။ ဒါအပြင် ဝင်ရောက်လာမယ့် ခရီးသွားတွေအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ ခရီးစဉ်ဒေသနဲ့ ခရီးသွားအမျိုးအစား စုံလင်အောင် ထားရှိနိုင်ဖို့လည်း ကြိုတင်ပြင်ဆင် လုပ်ဆောင်နေကြသလို လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့လည်း သင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေပါတယ်။ ဒါအပြင် ခရီးသွားစဉ်ဒေသသစ်တွေ တိုးချဲ့ ရေးဆွဲနိုင်ဖို့ မန္တလေးနဲ့ ဆက်စပ်နေတဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ် ''ဟု ၄င်းက ဆက်လက်ပြောဆိုသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်လျက်ရှိပြီး ယခု ၂၀၁၉ ခုနှစ်တွင် ခြောက်လတာ ကာလအတွင်း၌ ၃၄၃၄၁၁ ဦး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)