ဘယ်အသင်းတွေ ချန်ပီယံလိဂ်နောက်တစ်ဆင့် တက်လာနိုင်ဦးမလဲ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေကို အုပ်စုရှစ်အုပ်စုခွဲပြီး ယှဉ်ပြိုင် လျက်ရှိရာ အုပ်စုအဆင့်ပွဲစဉ်(၅)အပြီး တစ်ပွဲကျန်အနေအထားမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ  ချယ်လ်ဆီးအသင်းအပါအဝင် ပရီမီယာလိဂ်အသင်း လေးသင်းစလုံး  (၁၆)သင်းအဆင့်(ရှုံးထွက်အဆင့်) တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်သလို အသင်း ၁၁ သင်း ရှုံးထွက်အဆင့် တက်လှမ်းခွင့်ရရှိထားပြီလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုအဆင့် ပွဲစဉ်(၅)အပြီးမှာ (၁၆)သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိထားပြီးဖြစ်တဲ့ အသင်းတွေကတော့ လီဗာပူး၊ အေဂျက်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး၊  ပီအက်စ်ဂျီ၊ စပို့တင်းလစ္စဘွန်း၊ ရီးယဲလ်မက်ဒရစ်နဲ့ အင်တာမီလန်အသင်းတို့ပဲဖြစ်ပါတယ်။

အသင်း ၁၁သင်း ရှုံးထွက်အဆင့်ကို တက်လှမ်း ခွင့်ရရှိခဲ့ချိန်မှာ ဘီဆစ်တက်၊ လိုက်ပ်ဇစ်၊ မယ်လ်မို၊ ဒိုင်နမိုကိဗ်၊ ယန်းဘွိုင်းစ်၊ ဇင်းနစ်၊ ကလပ်ဘရုဂျ်၊ ဒေါ့မွန်၊တီရာစပေါလ်နဲ့ ရှက်တာဒိုးနက်စ်ခ်အသင်းတို့ ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်နဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။

ပေါ်တို၊ အက်သလက်တီကိုမက်ဒရစ်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ဘင်ဖီကာ၊ ဗီလာရီးယဲလ်၊ အတ္တလန္တာ၊  ဆဲလ်ဘတ်၊ လိုင်လီ၊ ဝုလ်စ်ဘတ်နဲ့ ဆီဗီလာအသင်းတို့ကတော့ လက်ကျန်ပွဲစဉ်တစ်ပွဲကစားပြီးမှ ရှုံး/  ထွက်အဆင့်ကို တက်လှမ်းလာမယ့် အခွင့်အရေး ရှိနေတဲ့ အသင်းတွေဖြစ်ပါတယ်။

အုပ်စု(A)

ဒီအုပ်စုမှာဆိုရင် ပရီမီယာလိဂ်ကလပ် မန်စီးတီးနဲ့ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီတို့က ရှုံး/ထွက် အဆင့်တက်လှမ်းခွင့်ရရှိခဲ့ပြီး မန်စီးတီးကတော့  အုပ်စုအဆင့် ပထမနေရာနဲ့ နောက်တစ်ဆင့်တက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်နဲ့ ကလပ်ဘရုဂျ်တို့ကတော့ ပွဲစဉ်(၅)အပြီးမှာ ချန်ပီယံလိဂ်ကို လက်ပြ နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

အုပ်စု(B)

ဒီအုပ်စုမှာဆိုရင် လီဗာပူးက တစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့် ရာနှုန်းပြည့်နိုင်ပွဲရရှိပြီး ရမှတ် ၁၅ မှတ် ရရှိထားကာ အုပ်စုပထမနေရာနဲ့ ရှုံးထွက် အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအုပ်စုမှာ ပေါ်တိုက ငါးမှတ်၊ အေစီမီလန်နဲ့ အက်သလက်တီကိုတို့က လေးမှတ်စီရရှိထားတာကြောင့် ဒီသုံးသင်း ထဲက တစ်သင်းဟာ ရှုံး/ထွက်အဆင့်တက်လှမ်းဖို့ မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ ပေါ်တိုက အက်သလက် တီကိုနဲ့ ကစားရမှာဖြစ်သလိုအေစီမီလန်ကလီဗာပူးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အုပ်စု(C)

ဒီအုပ်စုမှာ အေဂျက်အသင်းက ငါးပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ အုပ်စုပထမနေရာကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပြီး စပို့တင်းလစ္စဘွန်းကလည်း ရမှတ်ကိုးမှတ်နဲ့ ရှုံး/ထွက်  အဆင့် တက်ခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဘွန်ဒက်လီဂါရဲ့ နာမည်ကြီး ဒေါ့မွန်အသင်းနဲ့ ဘီဆစ်တက် အသင်းတို့ကတော့ ပြိုင်ပွဲကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။

အုပ်စု(D)

ဒီအုပ်စုမှာတော့ အုပ်စုအဆင့်ပွဲစဉ်(၅)မှာ ရီးယဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ဟာ တီရာစပေါလ်နဲ့ ရှက်တာဒိုးနက်စ်ခ်အသင်းတို့ကို အသီးသီးအနိုင်ရရှိခဲ့တာကြောင့် တစ်ပွဲကျန်အနေအထားမှာ ရီးယဲလ် မက်ဒရစ်က ရမှတ် ၁၂ မှတ်၊ အင်တာမီလန်က ၁၀ မှတ်ရရှိပြီး နောက်တစ်ဆင့်တက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်ဟာ အင်တာမီလန်နဲ့ တွေ့ဆုံနေတာကြောင့် ဒီနှစ်သင်းရဲ့ ဒီဇင်ဘာ ၇ ရက် ထိပ်တိုက်တွေ့ဆုံမှုပြီးမှသာ ဘယ်အသင်းက အုပ်စုပထမနေရာ ရရှိမလဲဆိုတာ အဆုံးအဖြတ်ဖြစ်လာမှာ ဖြစ်ပါတယ်။

အုပ်စု(E)

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ဟာ ငါးပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ အုပ်စုပထမ  နေရာနဲ့ ရှုံးထွက်အဆင့်တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပေမယ့် စပိန်နာမည်ကြီး ဘာစီလိုနာကတော့ ဘိုင်ယန်မြူးနှစ်နဲ့ ရှစ်မှတ်အကွာ၊ အုပ်စုတတိယ နေရာက ဘင်ဖီကာနဲ့ နှစ်မှတ်အကွာမှာရှိနေတာ ကြောင့် လက်ကျန်တစ်ပွဲကစားပြီး အနိုင်ရမှသာ ရှုံးထွက်အဆင့် တက်ခွင့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးပွဲစဉ်မှာ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာဖြစ်ပြီး ဘင်ဖီကာက ဒိုင်နမိုကိဗ်နဲ့ ကစား ရမှာ ဖြစ်တာမို့ ဘာစီလိုနာနဲ့ ဘင်ဖီကာ ဘယ်အသင်း နောက်တစ်ဆင့်တက်လာမလဲ စောင့်ကြည့်ရမှာပါ။

အုပ်စု(F)

ဒီအုပ်စုမှာ မန်ယူအသင်းက ရှုံးထွက်အဆင့် တက်ခွင့်ရရှိခဲ့ပြီဖြစ်ပေမယ့် ဗီလာရီးယဲလ်နဲ့  အတ္တလန္တာ ကတော့ လက်ကျန်ပွဲစဉ်ကစားပြီးမှ နောက်တစ်ဆင့်တက်ခွင့်မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ်မှာ ဗီလာရီးယဲလ်ဟာ အတ္တလန္တာနဲ့ ကစားရမှာဖြစ်တာကြောင့် ဒီနှစ်သင်းထဲက အနိုင်ရတဲ့ အသင်းဟာ ရှုံးထွက်အဆင့် တက်လှမ်းခွင့်ရရှိမှာဖြစ်ပြီးရှုံးတဲ့အသင်းဟာ ယူရိုပါလိဂ် သွားရောက်  ကစားရမှာဖြစ်ပါတယ်။

အုပ်စု(G)

ချန်ပီယံလိဂ်အုပ်စုရှစ်အုပ်စုရှိရာမှာ ဒီအုပ်စုကတော့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အထိ ဘယ် အသင်း ရှုံး/ထွက် အဆင့်တက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ရမှတ်ပိုင်းတွေမှာကွာဟမှု  ကျဉ်းမြောင်းပြီး လိုင်လီက ရှစ်မှတ်၊ ဆဲလ်ဘတ်က ခုနစ်မှတ်၊ ဆီဗီလာက ခြောက်မှတ်၊ ဝုလ်စ်ဘတ်က ငါးမှတ် အသီးသီးရရှိထားတာကြောင့် နောက်ဆုံးပွဲစဉ်ဟာ အသင်းတိုင်းအတွက် နောက်တစ်ဆင့်  တက်မယ့်အခွင့်အရေးပဲဖြစ်ပါတဘ်။ လက်ကျန်ပွဲစဉ်မှာ လိုင်လီက ဝုလ်စ်ဘတ်နဲ့ကစားရမှာဖြစ်ပြီး ဆဲလ်ဘတ်က ဆီဗီလာနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အုပ်စု(H)

ဒီအုပ်စုမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ရှုံးထွက်အဆင့် တက်ခွင့်ရရှိခဲ့ပြီဖြစ်ပြီး ဇင်းနစ်နဲ့ မယ်လ်မိုတို့ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့် ကစားဖို့ တစ်ပွဲအလိုမှာပဲ လက်ပြနှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ရမှတ်၁၂ မှတ်စီရရှိထားတဲ့ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်တို့ဖြစ်ပြီး ဒီနှစ်သင်းထဲက ဘယ်အသင်းက အုပ်စု ပထမ နေရာရရှိမလဲဆိုတာ လက်ကျန်ပွဲစဉ်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ ဇင်းနစ်၊ ဂျူဗင်တပ်နဲ့ မယ်လ်မိုတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်တွေကို ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်နေရတဲ့ နာမည်ကြီး ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ် နဲ့ အေစီမီလန်တို့ထဲက နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းပြီး ဘယ်အသင်း နောက်တစ်ဆင့် တက်ခွင့် ရမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ငွေကြယ်