ဘူးသီးတောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဘူးသီးတောင် မတ် ၂၉

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၈ ရက် မွန်းလွဲ ၂ နာရီက မြိူ့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ (စိုက်ပျိုးရေးကဏ္ဍ) လွှဲပြောင်းပေးအပ်ရခြင်းသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို မတည်ထောက်ပံ့ ထုတ်ချေးထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါငွေများအား ကျေးရွာကြီးကြပ်မှုကော်မတီဝင်များမှ စနစ်တကျ ပွင့်လင်းမြင်သာမှုစနစ်ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများအား စေတနာထား ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီက စိုက်ပျိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်းနှင့် ချေးငွေထုတ်ချေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ (စိုက်ပျိုးရေးကဏ္ဍ) လွှဲပြောင်းငွေကျပ် သိန်း(၂၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ရာ စံညှင်းဝေကျေးရွာ ကြီးကြပ်ရေးကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး တောင်သူများ(ကိုယ်စား) ကျေးရွာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်သာအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

လှကျော်( ပြန်/ဆက်)