ဘရာဇီးနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၇၆ ဦး ရှိလာ

ဇူလိုင် ၄

 

ဘရာဇီးနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ တစ်ဦးထပ်မံတွေ့ရှိခဲ့ရာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၇၆ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူတစ်ဦးကို ဘရာစေးလေးယား ဖက်ဒရယ်ခရိုင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံခြားမှ မကြာသေးမီက ပြန်ရောက်လာသူဖြစ်ပြီး အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

 

၎င်းအားသီးသန့်ခွဲခြားထားပြီး ဆေးဘက်ဆိုင်ရာပညာရှင်များက စောင့်ကြည့်လျက်ရှိသည်။

 

ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကတွင် လူဦးရေအထူထပ်ဆုံးသောနိုင်ငံဖြစ်သည်။ ဆောပိုလိုပြည်နယ်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး ထိုရောဂါကူးစက်ခံရသူ ၅၂ ဦးရှိသည်။ ဆောပိုလိုပြည်နယ်ပြီးလျှင် ရီယိုဒီဂျနေရိုးတွင် ယင်းရောဂါကူးစက်ခံရသူ ၁၆ ဦးရှိသည်။

 

ဇွန်လအစောပိုင်းက ဆောပိုလိုမြို့တွင် မျောက်ကျောက်ရောဂါကူးစက်မှု ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရောဂါကူးစက်ခံရသူသည် စပိန်နှင့်ပေါ်တူဂီ နိုင်ငံများသို့ ခရီးသွားလာခဲ့သူဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို