ဒီဇင်ဘာ ၁၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိမြို့တော်ဒါကာနှင့်အခြားနေရာများတွင် လေထုညစ်ညမ်းမှုပိုမိုဆိုးဝါးလာမှုကြောင့် ကျန်းမာရေး ထိခိုက်မှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်များအတွင်းမှာပင်နေထိုင်ကြရန်၊ အိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများတပ်ဆင်သွားကြရန် အစိုးရအဖွဲ့ကတိုက်တွန်း ပြောကြားထားသည်။
မြို့တော်ဒါကာနှင့် ၎င်း၏အနီးဝန်းကျင်ဒေသများတွင်လေထုအရည်အသွေးသည် ကျန်းမာရေးဆိုးရွားစေပြီး တစ်ခါတရံတွင် လေထုအရည်အသွေးသည် အေကျူအိုင် ၂၅၀ အထက် အန္တရာယ်အဆင့်ရှိကြောင်း ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။
လေထုညစ်ညမ်းမှုဖြစ်ပေါ်နေချိန်တွင် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအနေဖြင့် အိမ်အပြင်သို့လိုအပ်မှုမရှိပဲ သွားလာခြင်းကိုရှောင်ရှားရန်၊ အိမ်အပြင်သို့ထွက်ခွာချိန်တွင် နှာခေါင်းစည်းများတပ်ဆင်ကြရန် ပြည်သူများအား အကြံပြုပြောကြားထားသည်။
အစိုးရအဖွဲ့က အဆိုပါလေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားထားသည်။
မြို့တော်ဒါကာသည် လေထုညစ်ညမ်းမှုအဆိုးဝါးဆုံးမြို့များစာရင်း၌ ပထမဆုံးနေရာတွင် ပါရှိပြီး ဒီဇင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီအချိန်က လေထုအရည်အသွေး အေကျူအိုင် ၂၄၁ ရှိသည်ဟု သိရသည်။
လေထုအရည်အသွေး အေကျူအိုင် ၁၅၁ နှင့် ၂၀၀ ကြားသည် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိ၊ အေကျူအိုင် ၂၀၁နှင့် ၃၀၀ ကြားသည် ကျန်းမာရေးဆိုးရွားမှုရှိပြီး အေကျူအိုင် ၃၀၁ နှင့် ၄၀၀ ကြားသည် အန္တရာယ်ရှိသောအခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းတွင်နှစ်စဉ် လူပေါင်း ခုနစ် သန်းခန့်သေဆုံးလျက်ရှိရာ အများအားဖြင့် လေဖြတ်၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်လေပြွန်ရောဂါ၊ အဆုတ်ကင်ဆာနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို