ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိလာ

ဇူလိုင် ၄

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြုံစဖူးရေကြီးမှုများဖြစ်ပွားသဖြင့် သေဆုံးသူဦးရေ ၁၀၀ ကျော်အထိမြင့်တက် လာသည်ဟု သက်ဆိုင်ရာအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ခွဲစိတ်ကုသရေးနှင့်ထိန်းချုပ်ရေးစင်တာ၏ပြောကြားချက်အရ  ထိုရေကြီးမှုကြောင့် မေ ၁၇ နှင့် ဇွန် ၂၈ ရက်တို့ကြားတွင် သေဆုံးသူ ၁၀၂ ဦးရှိကြောင်း သိရသည်။

 

ရေကြီးရေလျှံသည့်ဒေသများတွင် သေဆုံးသူအများစုသည် ရေနစ်သေဆုံးခြင်း၊ ကျန်တစ်ချို့သည် မြွေကိုက်ခံရပြီးသေဆုံးခြင်းနှင့်  မိုးကြိုးပစ်ခံရပြီးသေဆုံးခြင်း တို့ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့မနက်ပိုင်းအထိ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

 

နိုင်ငံမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် နေအိမ်များနှင့် သီးနှံများ အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို