ဇွန် ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒေသများတွင် ပြင်းထန်သောအပူလှိုင်း ဆက်လက်မြင့်တက်နေဖွယ်ရှိကြောင်း မိုးလေဝသဌာနက ယမန်နေ့က ပြောကြားခဲ့ပြီး ပြီးခဲ့သည့် လေးရက်အတွင်း အပူဒဏ်ကြောင့် သေဆုံးသူလေးဦးရှိလာကြောင်း ဖော်ပြထားသည်။
အဆိုပါအပူလှိုင်းသည် မြို့တော်ဒါကာအပါအဝင် နိုင်ငံ၏ တိုင်းဒေသကြီးရှစ်ခုအနက် ခြောက်ခုတွင် သက်ရောက်မှုရှိနေသည်ဟု မိုးလေဝသဌာန ဘီအမ်ဒီ(BMD) က ပြောကြားခဲ့သည်။
ယခုလနှောင်းပိုင်းတွင် အပူချိန်ပြင်းထန်ခြင်းမှ အလွန်ပြင်းထန်သော အပူလှိုင်းများ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံ၏ ဒေသအချို့တွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသဌာန မုန်တိုင်းသတိပေးစင်တာမှ မိုးလေဝသပညာရှင် Abdul Hamid က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒါကာတွင် ယမန်နေ့က အပူချိန် ၃၆ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုနှင့် အပူလှိုင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် လူဦးရေ သန်း ၁၇၀ ခန့်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပုံမှန်ထက် ပိုမိုဖြစ်ပွားလေ့ရှိသည်။
မိုးရွာသွန်းမှုပုံစံမမှန်ခြင်း နှင့် အပူချိန်မြင့်မားခြင်းတို့ကြောင့် လာမည့်နှစ်များတွင် အပူလှိုင်းများ ပိုမိုပြင်းထန်လာနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှု၏ အထိခိုက်ခံရဆုံးနိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


