ဘွန်ဒက်လီဂါပြိုင်ပွဲကို မေ ၉ ရက်တွင် စတင်နိုင်ရန်စီစဉ်နေ

၂၂  ဧပြီ

ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေကို မေ ၉ ရက်မှာ စတင်နိုင်ဖို့နဲ့ တံခါးပိတ်ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဥရောပတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု စတင်ချိန်ကစလို့ ဘောလုံးပြိုင်ပွဲတွေကို ရပ်နားထားခဲ့တာဖြစ်ပြီး အဲဒီလိုရပ်နားထားစဉ်မှာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ ဘိုင်ယန် မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှတ်ပေးဇယား တတိယနေရာမှာတော့ လိုက်ဇစ်အသင်းက ရပ်တည်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘွန်ဒက်လီဂါအသင်းတွေဟာ အုပ်စုငယ်လေးတွေခွဲပြီး လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်လို့ ဘွန်ဒက်လီဂါ ပြိုင်ပွဲကို ပြန်လည်စတင်မယ်ဆိုရင် အသင်းအတော်များများက ယှဉ်ပြိုင်ဖို့ အသင့်အနေအထား ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါ ကလပ်အသင်းတွေကတော့ ပြိုင်ပွဲကို ဇွန် ၃၀ ရက်မှာ ပြီးဆုံးနိုင်ဖို့လည်း မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်အသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့် ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ဒေါ့မွန်အသင်းက ရလဒ်ကောင်းပြီး ဘွန်ဒက်လီဂါချန်ပီယံဖြစ်မယ်လို့ ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမား အမ်မရီကန်က မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းဟာ လက်ကျန် ပွဲစဉ်တွေထဲမှာ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း၊ လိုက်ဇစ်အသင်းတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့လည်း ရှိနေသေးတာ ဖြစ်ပါတယ်။

ငွေကြယ်