ပရီမီယာလိဂ်ပွဲစဉ် (၂၃) မှ ဇန်နဝါရီ ၂၇ ရက် နံနက် ၂ နာရီခွဲက Hill Dickinson ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့သည့် အဲဗာတန်နှင့် လိဒ်စ်အသင်း  ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။

တန်းဆင်းဇုန်အထက်တွင် ပြတ်သားသောရလဒ်ဖြင့် ရပ်တည်နိုင်ရေး အားစိုက်ကစားလာသော လိဒ်စ်အသင်းသည် ပွဲချိန်  ၂၈  မိနစ်တွင်  ရရှိခဲ့သော  ဂျက်စတင်၏ သွင်းဂိုးဖြင့်  အဲဗာတန်အသင်းကို  မိနစ် ၇၀ ကျော်အထိ  ဦးဆောင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း ပွဲချိန် ၇၆ မိနစ်တွင် တိုက်စစ်ကစားသမား ဘာရီ၏ ချေပသွင်းဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်းက ဘောလုံးပိုင်ဆိုင်မှုပိုင်းတွင် အသာရယူနိုင်ခဲ့သော်လည်း  ဂိုးပေါက်ခြိမ်းခြောက်မှုပိုင်းနှင့် ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးနိုင်စွမ်းတွင် လိဒ်စ်အသင်းက အသာရခဲ့သည်။ အဲဗာတန် အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သော တိုက်စစ်ကစားသမား ဘာရီသည် နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့်  လိဂ်ငါးပွဲတွင်  သွင်းဂိုးလေးဂိုးရှိလာပြီဖြစ်သည်။

ယခုပွဲစဉ် သရေကျခဲ့သည့်အတွက် အဲဗာတန်အသင်းက ရမှတ် ၃၃ မှတ်ဖြင့် အဆင့်(၁၀)တွင် ရပ်တည်နေပြီး  ပြိုင်ဘက်လိဒ်စ်အသင်းက  ရမှတ် ၂၆ မှတ်ဖြင့် အဆင့်(၁၆)တွင် ရပ်တည်နေသည်။ လာမည့်ပွဲစဉ်တွင် အဲဗာတန်အသင်းက ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လိဒ်စ်အသင်းက အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                          

အောင်ဇော်