ဘာစီလိုနာအမျိုးသမီးအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူး

အမျိုးသမီးချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မေ ၁၆ ရက် ညပိုင်းက ချယ်လ်ဆီး အမျိုးသမီး အသင်းနဲ့ ဘာစီလိုနာ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဘာစီလိုန၁အမျိုးသမီးအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိပြီး အမျိုးသမီးချန်ပီယံလိဂ် ဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အမျိုးသမီးအသင်းရဲ့ အမျိုးသမီးချန်ပီယံလိဂ်ဖလား ရရှိမှုဟာ စပိန်အမျိုးသမီး ကလပ်အသင်းတစ်သင်းအနေနဲ့ ပထမဆုံးရရှိခဲ့တဲ့ အမျိုးသမီးချန်ပီယံလိဂ် ဆုဖလားလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီး အမျိုးသမီးအသင်းနဲ့ ဘာစီလိုနာအမျိုးသမီးအသင်းတို့ ပွဲစဉ်မှာ ဘာစီလိုနာအမျိုးသမီး အသင်းက ပွဲစပြီး ၃၃ စက္ကန့်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပထမပိုင်း ပွဲကစားချိန် ၃၆ မိနစ် အတွင်းမှာ လေးဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့တာကြောင့် အမျိုးသမီး ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းအတွက် သွင်းဂိုးလေးဂိုးတွင် ချယ်လ်ဆီးအမျိုးသမီးအသင်းမှ လီယူပိုးလ် က ကိုယ့်ဂိုးကိုပြန်သွင်း မိသလိုဖြစ်ခဲ့ရာက ရရှိခဲ့တဲ့သွင်းဂိုး တစ်ဂိုး၊ ဘာစီလိုနာအမျိုးသမီး အသင်းမှ ကစားသမားတွေဖြစ်တဲ့ ပူတယ်လက်စ်၊ ဘွန်းမက်နဲ့ ဟန်ဆန်တို့ တစ်ဂိုးစီအသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာအမျိုးသမီးအသင်း အနိုင်ရဗိုလ်စွဲခဲ့ခြင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ဘာစီလိုနာအသင်းအနေနဲ့ အမျိုး သားအသင်းရော အမျိုးသမီး အသင်းပါ ချန်ပီယံလိဂ်ဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အမ်မာဟာယက်စ်ရဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ အမျိုး သမီး စူပါလိဂ်ရောလိဂ်ဖလားမှာပါ ချန်ပီယံဖြစ်ထားတာကြောင့် အမျိုးသမီးချန်ပီယံလိဂ်ချန်ပီယံဖြစ်လာဖို့ မျှော်လင့်ထားတဲ့အသင်းဖြစ်ပြီး ဘာစီလိုနာအမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမျိုးသမီး ချန်ပီယံလိဂ်ဆုဖလားနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

ငွေကြယ်