ဘားအံ ၁၉ ဖေဖော်ဝါရီ
ဘားအံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့် ပညာရေး ပေါင်းစပ်အစီအစဉ်ဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းကို အားကစားနည်း(၉)မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အား/ကာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဖွင့်လှစ်မည့် အားကစားသင်တန်းများမှာ ဘောလုံး၊ ဘောလီဘော၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒိုနှင့် အေရိုးဗစ်သင်တန်းများဖြစ်ပြီး ခန့်မှန်းသင်တန်းသားဦးရေ ၅၀ဝ ခန့် ကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ သင်တန်းနည်းပြများ နှင့် လက်ရွေးစင်အားကစားသမားဟောင်းများက မတ်လ ၁၂ ရက်နေ့ မှ ၂၆ ရက်နေ့ထိ ၁၅ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အားကစားပစ္စည်းများ အစုံအလင် ရှိသော်လည်း အားကစားကွင်းနှင့် အားကစားရုံ အခက်အခဲအချို့ ရှိကြောင်း၊ စိတ်ပါဝင်စားသူ မည်သူမဆို သင်တန်းတက်ရောက်နိုင်ပြီး သင်တန်းသားအမည်စာရင်းများကို မြို့နယ်အား/ကာရုံးသို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြို့နယ်အားကစားမှူး ဒေါ်နော်ဩလျဖေါက သင်တန်းနှင့်ပတ်သက်သည် များအား ရှင်းလင်းပြောကြားကာ တက်ရောက် လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


