ဘားအံ ဧပြီ ၁၄

ကရင်ပြည်နယ် ဘားအံမြို့၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ ဧပြီ ၁၄ ရက်တွင် ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ ဝန်ကြီးဌာနရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက်ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် အထူးစည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ် ရေကစားမဏ္ဍပ်များ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန် ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။

မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ဘားအံမြို့သီရိကွင်းရှိ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တစ်ပင်တိုင်အကများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်း၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုသနပ်ခါးမဏ္ဍပ်တွင် အပြန်အလှန်သနပ်ခါးများ လိမ်းခြယ်ပေး၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ ပိတောက်ပွင့်သစ်အမှတ်(၂)မဏ္ဍပ်၊ ဖားစည်မြေ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ ပိတောက် အချစ်ဆုံးအမှတ်(၃)မဏ္ဍပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မဟာသင်္ကြန်မဏ္ဍပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မဟာသင်္ကြန်မဏ္ဍပ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်တို့တွင် သင်္ကြန်ယိမ်း အကလှပျိုဖြူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ အတာရေအေးပက်ဖျန်းပေးကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါမဏ္ဍပ်များတွင် ရေကစားကြသူများနှင့်အတူ ရေပက်ခံထွက်ကြသူများအား အတာရေအေး ပက်ဖျန်း၍ ရေပက်ခံထွက်ကြသူများအား စတုဒိသာ မုန့်လက်ဆောင်း၊ ရွှေရင်အေး အစရှိသော သင်္ကြန်စာ များကို ဝေငှပေးခဲ့ကြပြီး The Peace Band၊ DJတို့ နှင့်တွဲဖက်၍ နိုင်ငံကျော်တေးသံရှင် အစ္စဏီ၊ D ဖြိုး၊ ရိုဇယ်(လ်)လီ၊ VerryThaw ThawLeoSaw Thar ChoDJ MavisDJ Uniqu3 တို့၏ တေးဂီတ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကာ ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)