အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မတ် ၂၄

 

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်မှ သင်ကြား/စီမံ အရာထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်က “ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း၏ စိတ်နေစိတ်ထား (Mindset)ကို ဦးစွာပြောင်းလဲကြရမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးပေးသော ပုဂ္ဂိုလ်များဖြစ်ကြ၍ ‘ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်’ ဟူသော ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း” မှာကြားကာ သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၃၄ ဦး၊ သင်တန်းသူ ၁၁၆ ဦး စုစုပေါင်း ၂၅၀ တက်ရောက်ကြကာ သင်တန်းကာလမှာ ဇန်နဝါရီ ၁၆ ရက်မှ  မတ်၂၄ ရက်ထိ ရက်သတ္တ ၁၀ ပတ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်သည် တက္ကသိုလ်၏ စီမံရေးရာအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ စီမံရေးရာနှင့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော တည်ဆောက်ရေး လုပ်ငန်းများ၊ တက္ကသိုလ်၏ မီးဖိုချောင်သုံးစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သတင်းစဉ်