အုန်းသီးခြောက် အနုလက်ရာ လူသုံးကုန်ပစ္စည်းများ ဝယ်ယူသူများပြီး ထုတ်လုပ်နိုင်မှု နည်းပါးနေ

မကွေး ၃၀  ဇူလိုင်      


အုန်းသီးခြောက်များကို ပန်းပုပညာကဲ့သို့ အနုပညာလက်ရာ တန်ဖိုးဖြင့် ပေါင်းစပ်ကာ ထုတ်လုပ်သည့် လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများမှာ ဝယ်ယူသူများပြီး ထုတ်လုပ်နိုင်မှု နည်းပါးနေကြောင်း “ရွှေလက်ရာ” အုန်းသီးခြောက်လက်မှု လုပ်ငန်းရှင် ဦးဌေးအောင်ထံမှ သိရသည်။

 

1

 


ဝယ်လိုအားများပြားမှုကို အကြောင်းပြု၍ အဆိုပါလုပ်ငန်းမှာ အလုပ်အကိုင် အခွင့်အလမ်း တစ်ရပ်အဖြစ် ရှိနေ သော်လည်း အုန်းပင်ပေါများသည့် ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းများ၌ပင် ထုတ်လုပ်သူ မရှိသလောက် ဖြစ်နေပြီး အုန်းသီးခြောက်ကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ပထမဆုံး လူသုံးကုန် ထုတ်လုပ်သူမှာ မကွေးတိုင်းမှ ဖြစ်နေသည်။

 

1

 


“ထုတ်ကုန်တွေကို မြသလွန်နဲ့ ရွှေစက်တော် ဘုရားပွဲတွေမှာ ဖောက်သည်ပေးတယ်။ ပြည်တွင်းကရော၊ နိုင်ငံခြားခရီးသွားတွေကရော သဘောကျပြီး ဝယ်ကြတယ်။ ဝယ်သူကများပြီးတော့ ထုတ်လုပ်နိုင်မှုက နည်းနေတယ်။ လက်မှု ပညာကို စိတ်ဝင်စားတဲ့လူငယ်တွေ လာရောက်လေ့လာစေချင်ပါတယ်” ဟု မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဆိုင် ဖွင့်ထားသည့် ဦးဌေးအောင် က ပြောသည်။

 

1

 


၂၀၁၁ ခုနှစ်ခန့်မှစ၍ အုန်းသီးခြောက်ဖြင့် မျောက်ရုပ်၊ ဆင်ရုပ်၊ ဌက်ရုပ် စသည့် အရုပ်လေးများ စတင်ထုတ်လုပ်ခဲ့ကြပြီး လက်ကိုင်အိတ်၊ ဘီး၊ ကလစ်၊ ကြယ်သီး၊ စာရေးကိရိယာထည့်ခွက်၊ မတ်ခွက်၊ ရေနွေးအိုး၊ လက်ဖက်အုပ်၊ ပန်းအိုး စသည့် အလှကုန် ပစ္စည်း(၃၀)ကျော်ကို ထုတ်လုပ်လျက်ရှိကြောင်း၊ အမျိုးအစားအလိုက် တန်ဖိုးသုံးထောင်မှ တစ်သောင်းကျပ်ထိ ရောင်းချပေးနေကြောင်း ရွှေလက်ရာ အုန်းသီးခြောက် လက်မှုလုပ်ငန်းရှင် ဦးဌေးအောင်၊ ဒေါ်ကြူကြူခိုင် ထံမှ သိရသည်။

 

1

 


လုံးဝန်းမနေဘဲ ခါးရှည်သော အချိန်တစ်လခွဲခန့် အခြောက်ခံထားသည့် အုန်းသီးခြောက်များဖြင့် အရုပ်များကို ထွင်းထုကြရကာ စတင်လုပ်စဉ်က တစ်နေ့အရုပ်တစ်ရုပ်သာ လုပ်နိုင်ပြီး ကျွမ်းကျင်လာသည့်အတွက် တစ်နေ့လျင် အရုပ်(၂)ရုပ် ပြီးကြောင်း၊ ထုတ်ကုန်များ တိုးထုတ်လုပ်နိုင်ရန် ဖောက်စက်၊ ကော်ပတ်စားစက် စသည့် စက်များကို ဝယ်ယူလုပ်ကိုင်ရမည်ဖြစ်ကြောင်း လုပ်ငန်းခွင်မှ သိရသည်။


၂၀၁၇ ခုနှစ် မတ်လ(၂၀)ရက်တွင် ကျင်းပသည့် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း(SME) ပြိုင်ပွဲတွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်ပေါင်း ၁၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုန်းသီးခြောက် လက်မှုပညာဖြင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဌေးအောင်က တတိယဆုရရှိခဲ့ကြောင်း သိရှိရသည်။


ဇေယျတု(မကွေး)