အတိုက်အခံအလုပ်သမားပါတီ မဲအသာစီးဖြင့် ဦးဆောင်နေတဲ့ ဩစတြေးလျရွေးကောက်ပွဲ

အလင်းသစ်

ဩစတြေးလျနိုင်ငံသား မဲဆန္ဒရှင်တွေဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပလျက်ရှိတဲ့ ရွေးကောက်ပွဲအတွက် မေ ၂၁ ရက်မှာ ဆန္ဒမဲပေးမှုတွေ စတင်ခဲ့ပါတယ်။ ယခုရွေးကောက်ပွဲဟာ ဩစတြေးလျနိုင်ငံရဲ့ လာမယ့်ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်မယ့်သူနဲ့ နိုင်ငံရဲ့အာဏာကို ဘယ်နိုင်ငံရေးအုပ်စုက ရရှိမလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံသား မဲဆန္ဒရှင်တွေဟာ အောက်လွှတ်တော်အမတ်နေရာ အားလုံးနဲ့ အထက်လွှတ်တော်အမတ် နေရာ တစ်ဝက်ကျော်အတွက် မဲပေးရွေးချယ်လျက်ရှိပြီး အောက်လွှတ်တော် အမတ်နေရာ အများစုရရှိတဲ့ နိုင်ငံရေးအုပ်စုဟာ ဝန်ကြီးချုပ်သစ်ကို ခန့်အပ်ပိုင်ခွင့်နဲ့ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်မယ့် အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

အစိုးရဖွဲ့စည်းဖို့ အမတ်နေရာ အနည်းဆုံး ၇၆ နေရာအနိုင်ရဖို့လို

ဩစတြေးလျနိုင်ငံမှာ အစိုးရအဖွဲ့ တစ်ရပ်ဖွဲ့စည်းနိုင်ဖို့ဆိုရင် နိုင်ငံရေးပါတီ တစ်ခုဟာ အမတ်နေရာစုစုပေါင်း ၁၅၁ နေရာရှိတဲ့အနက် အနည်းဆုံး ၇၆ နေရာ အနိုင်ရရှိဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အနည်းဆုံး အမတ်နေရာ ၇၆ နေရာမရရှိခဲ့ဘူးဆိုရင် အဲဒီနိုင်ငံရေးပါတီဟာ တစ်သီးပုဂ္ဂလအမတ်တွေနဲ့ ပါတီငယ်တွေရဲ့ ထောက်ခံမှုရရှိဖို့ မဖြစ်မနေလိုအပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ဩစတြေးလျနိုင်ငံသားတွေဟာ မဖြစ်မနေမဲပေးရမှာဖြစ်ပြီး လက်ရှိမှာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၉၆ ရာခိုင်နှုန်း (ပြည်သူ ၁၇ ဒသမ ၂ သန်းကျော်) ဟာ ၂၀၂၂ ရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဩစတြေးလျနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေဟာ သတ်မှတ်ထားတဲ့ရက် အတိအကျမရှိပေမယ့် အောက်လွှတ်တော်အတွက် အများဆုံးသက်တမ်းကတော့ သုံးနှစ်ဖြစ်တယ်လို့ သိရပါတယ်။

လစ်ဘရယ်အမျိုးသား ညွန့်ပေါင်းပါတီ

ယခုရွေးကောက်ပွဲ မကျင်းပမီ အောက်လွှတ်တော်မှာ အမတ်နေရာ ၇၆ နေရာရရှိထားတဲ့ လစ်ဘရယ်အမျိုးသား ညွန့်ပေါင်းပါတီဟာ လက်ရှိအာဏာရ နိုင်ငံရေးအုပ်စုဖြစ်ပြီး အလုပ်သမားပါတီ က အမတ်နေရာ ၆၈ နေရာနဲ့ ပါတီငယ်တွေနဲ့ တစ်သီးပုဂ္ဂလတွေက အမတ်နေရာ ခုနစ်နေရာရရှိထားတာဖြစ်ပါတယ်။

ဆီးနိတ်လို့ခေါ်တဲ့ အထက်လွှတ်တော်မှာတော့ လစ်ဘရယ် အမျိုးသားညွန့်ပေါင်းပါတီက အမတ်နေရာ ၃၅ နေရာနဲ့ အလုပ်သမားပါတီက အမတ်နေရာ ၂၆ နေရာရရှိထားတာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ရာထူးနေရာအတွက် ဘယ်သူတွေယှဉ်ပြိုင်နေလဲ

ယခုရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးနေရာအတွက် လက်ရှိဝန်ကြီးချုပ် စကော့မောရစ်ဆင်နှင့် အတိုက်အခံ အလုပ်သမားပါတီခေါင်းဆောင် အန်သိုနီ အယ်လ်ဘာနိစ်တို့ ယှဉ်ပြိုင်လျက်ရှိပြီး စကော့မောရစ်ဆင်ဟာ ၂၀၁၈ ခုနှစ် ကတည်းက ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သူဖြစ်ရာ ဝန်ကြီးချုပ်ဟောင်း မယ်လ်ကိုးလ်တန်ဘူးလ်ဆီကနေ ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားပါတီ ခေါင်းဆောင် အန်သိုနီအယ်လ်ဘာနိစ်ကတော့ ဩစတြေးလျနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အယ်လ်ဘာနိစ်ဟာ ၂၀၁၃ ခုနှစ်က ဝန်ကြီးချုပ် ကီဗင်ရုဒ်လက်ထက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံသားတွေအတွက် အဓိကပြဿနာက ဘာတွေလဲ

ဩစတြေးလျနိုင်ငံသားတွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာနှစ်ရပ်ရှိပြီး အဲဒီ ပြဿနာနှစ်ရပ်ကတော့ လူနေမှုစရိတ် မြင့်တက်မှုနဲ့ ရာသီဥတုပြောင်းလဲမှု ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဩစတြေးလျ နိုင်ငံရဲ့စီးပွားရေးဟာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှာ လျော့ကျမှုရှိခဲ့ ပေမယ့် လက်ရှိရောဂါဖြစ်ပွားမှု လျော့ကျ လာချိန်မှာ စီးပွားရေး သိသိသာသာ မြင့်တက်လာတာကြောင့် ယခုနှစ်အတွင်း  စီးပွားရေး ၄ ဒသမ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာဖို့လည်း မျှော်လင့်ထားကြ တာဖြစ်ပါတယ်။

ဒါ့အပြင်  ယခုနှစ်အတွင်း ဩစတြေးလျနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ လေးရာခိုင်နှုန်းအထိ လျော့ကျမှု ရှိလာခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဩစတြေးလျ  ပြည်သူအများစုဟာ လောင်စာဆီ၊ လျှပ်စစ်နဲ့ အခြားသော ကုန်စည်တွေရဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာမယ့်အရေးကိုတော့ စိုးရိမ်လျက်ရှိနေကြတာ ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုမှာတော့ ဩစတြေးလျနိုင်ငံအတွင်းမှာ တောမီးလောင်ကျွမ်းမှုတွေနဲ့ ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့အတွက် နောက်ထပ်ရာသီဥတုဆိုးရွားမှုတွေ ဖြစ်ပေါ်လာမယ့် အရေးကိုလည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်လျက်ရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် ဩစတြေးလျနိုင်ငံရဲ့ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ လစ်ဘရယ် အမျိုးသားညွန့်ပေါင်းပါတီနဲ့ အလုပ်သမား ပါတီတို့ဟာ ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအဆင့်အထိ လျှော့ချသွားဖို့ ကတိပြုထားတာဖြစ်ပါတယ်။ အဲဒီလိုကတိပြုထားတယ်ဆိုပေမယ့် အဲဒီပါတီနှစ်ရပ်ဟာ ဩစတြေးလျနိုင်ငံရဲ့ ကျောက်မီးသွေးလုပ်ငန်းကို အထောက်အပံ့ပေးဖို့လည်း ကတိကဝတ်ပြုထားတယ်လို့ သိရပါတယ်။

အယ်လ်ဘာနိစ် ဦးဆောင်တဲ့ အလုပ်သမားပါတီက ဦးဆောင်နေ

ယခု ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ အလုပ်သမားပါတီက အများစုအနိုင်ရ ရှိလိမ့်မယ်လို့ ရွေးကောက်ပွဲမကျင်းပမီ အချိန်ကတည်းက သဘောထားစစ်တမ်းတွေက ဖော်ပြထားတဲ့အပြင် လက်ရှိအနေ အထားမှာလည်း အမတ်နေရာအများစုမှာ အယ်လ်ဘာနိစ်ဦးဆောင်တဲ့ အလုပ် သမားပါတီက ဦးဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိဝန်ကြီးချုပ်  စကော့မောရစ်ဆင်ဟာ ဂျွန်ဟောင်းဝက်ဒ် နောက်ပိုင်း ဝန်ကြီးချုပ်ရာထူးသက်တမ်း ကို အပြည့်အဝထမ်းဆောင်နိုင်ခဲ့တဲ့ လစ်ဘရယ်အမျိုးသားညွန့်ပေါင်းရဲ့ ပထမ ဆုံးခေါင်းဆောင်ဖြစ်ပြီး ဂျွန်ဟောင်းဝက်ဒ် ဟာ ၂၀၀၇ ခုနှစ်အတွင်းက အလုပ်သမား ပါတီကိုယ်စားပြု ကီဗင်ရုဒ်ကို မရှုံးနိမ့်မီ ရွေးကောက်ပွဲကို လေးကြိမ်အထိ အနိုင်ရ ရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဝေဖန်မှုတွေခံခဲ့ရ

စကော့မောရစ်ဆင်ဟာ သဘာဝဘေးအန္တရာယ်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုတွေမှာ အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ခဲ့တာကြောင့်  ကနဦးမှာ လူအများအပြားရဲ့ ချီးကျူးလေးစားမှုကို လည်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စကော့မောရစ်ဆင် ဟာ အဲဒီအရေးကိစ္စတွေကို ကိုင်တွယ်ရာ မှာ အားနည်းချက်တွေ ရှိလာတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရတယ်လို့ သိရပါတယ်။

စကော့မောရစ်ဆင်ဟာ သူ့ရဲ့ပါတီ ဝင်တွေကအစပြုပြီး လူအများအပြားရဲ့ ဝေဖန်မှုတွေခံခဲ့ရပေမယ့် စကော့ မောရစ်ဆင်ကတော့ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ 


အလုပ်သမားပါတီ ခေါင်းဆောင် အယ်လ်ဘာနိစ်ကတော့ ဆယ်စုနှစ် တစ်ခုနီးပါးကြာ အာဏာရခဲ့တဲ့ ရှေးရိုးစွဲ အစိုးရဟာ လိုအပ်တာတွေကို လုပ်ဆောင်ဖို့ အချိန်လုံလောက်မှုရှိခဲ့ပေမယ့် ထင်သလောက်မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက် အလက်တွေအရ စကော့မောရစ်ဆင်ရဲ့ လက်ရှိအာဏာရပါတီဟာ လုံလောက်တဲ့ အမတ်နေရာအများစုမှာ ရှုံးနိမ့်ခဲ့ပါ တယ်။
ဩစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်ဖို့ အလားအလာကောင်းနေတဲ့ အယ်လ်ဘာနိစ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ သေချာသလောက်ရှိနေပြီ ဖြစ်တဲ့အတွက် ယနေ့ညပိုင်းမှာ အလုပ် သမားပါတီရဲ့ ဌာနချုပ်ကို ရောက်ရှိလာခဲ့ ပြီးနောက် မိန့်ခွန်းပြောကြားခဲ့ရာမှာတော့ အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ဩစတြေးလျနိုင်ငံသားတွေ ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါတယ်။ 

လက်ရှိအနေအထားအရ အလုပ် သမားပါတီဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့သစ် တစ်ရပ်ဖွဲ့စည်းဖို့ နီးကပ်လာခဲ့ပြီလို့လည်း ဆိုရမှာဖြစ်ပါတယ်။ 
မည်သို့ပင်ဆိုစေကာမူ ဩစတြေးလျနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိုးကား-ဘီဘီစီ