အထူးကုဆေးရုံကြီး ခုတင်-၅၀၀ရန်ကုန်၌ (၅၅) ကြိမ်မြောက် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်

 

နေပြည်တော် ဒီဇင်ဘာ ၁

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရပ်နားထားခဲ့ရသော ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့်တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) - ရန်ကုန်မြို့၌ ဆေးရုံအုပ်ကြီး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစား ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောက်ကပ် အစားထိုးကုသမှု ဆောင်ရွက်မည့် အစီအစဉ်အတွက် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။  

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ် ပံ့ပိုးမှုနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ၏ ပူးပေါင်း ပါဝင်မှုဖြင့် အထူးကုဆေးရုံကြီး  ခုတင်-၅၀၀   ရန်ကုန်၌ နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်ကပ်အစား ထိုးခွဲစိတ်ကုသမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ် (ဆေးရုံအုပ် ကြီး/ကုသရေး) ဒေါက်တာ သီတာလှနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ခွဲစိတ်ကုသမှု ဆောင်ရွက်သူများ၊ လူနာနှင့် မိသားစုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လူနာအတွက် အလှူငွေကျပ် (၁၀) သိန်းကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ငွေကျပ်သိန်း (၅၀) ကို လည်းကောင်း ပေးအပ်သည်။

အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့တွင် လူနာ မခင်ညိုညိုထွေး၊ အသက် (၂၃)နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး၊ အသက် (၂၅) နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းကို နိုဝင်ဘာ၂၉ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ  ၁၅ မိနစ်တွင် ခွဲစိတ်ကုသမှု အောင်မြင်စွာပြီးစီးခဲ့ပြီး လူနာနှင့် ကျောက်ကပ် အလှူရှင်တို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး အထူးကြပ်မတ် ကုသဌာန၌ ထားရှိ၍ စောင့်ကြည့်ကုသမှု ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မြို့မှ ပါမောက္ခ/ ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ် ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှု ဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခ ဒေါက်တာ မူမူနိုင် ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသား သွေးဌာန - ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင် ဦးဆောင်သော သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန - ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး (ရောဂါဗေဒ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေး လုပ်ငန်းအဖွဲ့တို့က အငြိမ်းစား ဆေးပညာရှင်များဖြစ်သည့် ပါမောက္ခဒေါက်တာသန်းအေး၊ ပါမောက္ခ ဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာဘုန်းမြင့်၊ ပါမောက္ခဒေါက်တာခင်မောင်ဌေး၊ ပါမောက္ခ ဒေါက်တာကြည်ကြည်စန်း၊  ကျွမ်းကျင်သူနာပြုများ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
            
အထူးကုဆေးရုံကြီး( ခုတင်-၅၀၀)ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်မှ စတင်၍ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် (၄) ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀) ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၁၀) ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၀) ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ (၂) ကြိမ်၊ စုစုပေါင်း (၅၄) ကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် (၅၅) ကြိမ်မြောက် ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုဖြစ်ကြောင်း သိရသည်။

သတင်းစဉ်