နေပြည်တော် နိုဝင်ဘာ ၉
အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့တွင် (၃၆) ကြိမ်မြောက်နှင့် (၃၇) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုများကို နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၃၆) ကြိမ်မြောက် အသည်အစားထိုးခွဲစိတ်ကုသမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှ အသက် (၄၉) နှစ်ရှိ အသည်းရောဂါလူနာအမျိုးသားနှင့် အသည်းအလှုရှင် မောင်နှမဝမ်းကွဲ တော်စပ်သူ အသက် (၄၃) နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူမှုကို နိုဝင်ဘာ ၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်မှ စတင်ဆောင်ရွက်ခဲ့ကာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အသည်းလက်ခံသူလူနာထံသို့ အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ခွဲစိတ်ကုသမှုပြီးစီးပြီး စုစုပေါင်းခွဲစိတ်ချိန် (၁၀) နာရီခွဲ ကြာမြင့်ခဲ့သည်။
(၃၇) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ အသည်းရောဂါလူနာ အသက် (၆၀) နှစ်ရှိ အမျိုးသမီးနှင့် အသည်းအလှုရှင် သမီးတော်စပ်သူ အသက် (၂၅) နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူမှုကို နိုဝင်ဘာ ၈ ရက် နံနက် ၈နာရီ ၅၅ မိနစ်မှ စတင်ဆောင်ရွက်ခဲ့ကာ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်တွင် အသည်းလက်ခံသူလူနာထံသို့ အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည်။ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ခွဲစိတ်ကုသမှုပြီးစီးပြီး စုစုပေါင်းခွဲစိတ်ချိန် (၇) နာရီခွဲ ကြာမြင့်ခဲ့သည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ပြည်သူဆေးရုံကြီးများတွင် အသည်းအစားထိုး ခွဲစိတ်မှု အောင်မြင်စွာပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ဦးဆောင်သောအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူးပါမောက္ခ ဒေါက်တာစိုင်းအောင်ညွန့်ဦး ဦးဆောင်သော အသည်းခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် တောင်ကိုးရီးယားနိုင်ငံ၊ Seoul National University Hospital မှ Professor Kwang Woong Lee ဦးဆောင်သောအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူးပါမောက္ခ ဒေါက်တာဝင်းဝင်းဆွေ ဦးဆောင်သော အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူးပါမောက္ခ ဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူးပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ၊ ဌာနမှူးပါမောက္ခ ဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာသီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ပါမောက္ခ / ဌာနမှူး (အသည်းခွဲစိတ်) (ငြိမ်း) ပါမောက္ခ ဒေါက်တာတင်တင်မာ၊ ပါမောက္ခ၊ ဌာနမှူး (မေ့ဆေး) (ငြိမ်း) ပါမောက္ခ ဒေါက်တာကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၊ တွဲဖက်ပါမောက္ခ (မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခ ဒေါက်တာသဇင်သန်း (ဓာတ်မှန်)၊ ဒေါက်တာယဉ်မူယာ၊ အထူးကုဆရာဝန်ကြီး (ဓာတ်ခွဲ) နှင့် ဆရာဝန်များ၊ သူနာပြုအုပ်များဖြစ်သော ဒေါ်စန်းစန်းရင်နှင့် ဒေါ်ပိုပိုအောင်၊ ကျွမ်းကျင်သူနာပြု ဆရာမကြီးများဖြစ်သော ဒေါ်ကေသီနွယ်နှင့် ဒေါ်ယုယုလင်း ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
(၃၆) ကြိမ်မြောက်နှင့် (၃၇) ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် အသည်းအလှူရှင်များအားလုံး ခွဲစိတ်ပြီးကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင် ထားရှိကာ လိုအပ်သော ပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ / အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုများကို အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ ရန်ကုန်မြို့၌ ၂၀၀၄ ခုနှစ်တွင် (၁) တွဲ၊ နှင့် ၂၀၀၉ ခုနှစ်တွင် (၁) တွဲ၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မြို့၌ ၂၀၁၅ ခုနှစ်တွင် (၁) တွဲ၊ ၂၀၁၆ ခုနှစ်တွင် (၄) တွဲ၊ ၂၀၁၇ ခုနှစ်တွင် (၆) တွဲ၊ ၂၀၁၈ ခုနှစ်တွင် (၁၁) တွဲ၊ ၂၀၁၉ ခုနှစ်တွင် (၁၀) တွဲ၊ ၂၀၂၃ ခုနှစ်တွင် (၁)တွဲ၊ စုစုပေါင်း (၃၅) တွဲကို ခွဲစိတ်ကုသမှုဆောင်ရွက်ပြီး ဖြစ်သည်။
သတင်းစဉ်