မကွေး ဇန်နဝါရီ ၁၄

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဝါ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးကြရာ မယ်ဇလီတောနှင့် ပန်းတောပြင်ကျေးရွာတို့၌ ခရမ်းချဉ်သီးနှံကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

 

ခရမ်းချဉ်သီးနှံကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးနှံ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးပေါင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် ၂၅ ရက်သား အရွယ်တွင် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်သိန်း ၂၀ ခန့် ကုန်ကျကြောင်း၊ ခရမ်းချဉ်သီးနှံ စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် ၁၅၀ ခန့်ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် ခရမ်းချဉ်သီးအထွက်နှုန်း ပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို သုံးရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး နှစ်လခန့်ကြာသည်အထိ ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးနှံ တစ်ဧကလျှင် စုစုပေါင်းပိဿာချိန် ၅၀၀၀-၆၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-သရက် ကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်သို့ ရောင်းချပြီး ထိုမှတစ်ဆင့် မင်းလှမြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ မလွန်ဈေးနှင့် မန်းသံပုရာကန်ဈေးတို့သို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဆောင်းခရမ်းချဉ်သီးနှံမှာ မိုးခရမ်းချဉ်သီးနှံထက် ပိုမိုဖြစ်ထွန်းအောင်မြင်၍ အထွက်နှုန်းလည်း ပိုမိုထွက်ရှိရာ တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း