ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ပန်းတော်ပြင် ကျေးရွာအုပ်စုတွင် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မယ်ဇလီတောကျေးရွာ၌ ဆောင်းကြက်သွန်နီ (ပျိုးပင်စိုက်)ကို တောင်သူ ၃၁ ဦး က ဧက ၅ဝ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ကြက်သွန်နီကို နိုဝင်ဘာလ တတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် တူးဖော်ရိတ်သိမ်းရကြောင်း၊ ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုတွင် ရေသွင်းဘောင်တင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ကြက်သွန်နီပျိုးပင်ကို ရေနံချောင်းမြို့မှ အပင်ရေ ၅၀၀ ပါ တစ်ထုံးလျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင် ပျိုးပင် အထုံးရေ ၉၀၀ ခန့် စိုက်ပျိုးရ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ မျိုး၊ လုပ်သားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧက လျှင် ၃၂ သိန်းခန့်သာ ကုန်ကျခဲ့ပြီး တစ်ဧကလျှင် ပိဿာချိန် ၄၅၀၀ ထွက်ရှိကာ ကြက်သွန်နီဥ အကြီး၊ အသေးအပေါ်မူတည်၍ တစ်ပိဿာ ငွေကျပ် ၂၈၀၀ - ၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ငွေကျပ် ၉၅ သိန်းခန့် အမြတ် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း သိရသည်။
ဒီဇင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ - ၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ၍ ယခုနှစ်တွင်လည်း ယခင်နှစ် နည်းတူ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုး အမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း ကြက်သွန်နီ(ပျိုးပင်စိုက်) တောင်သူ တစ်ဦးထံမှ သိရသည်။
DOCA (မကွေး)