ရိခေါ်ဒါရ်    ၁၇    နိုဝင်ဘာ   

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အသည်းနှလုံးပုံသဏ္ဍာန် ရိရေကန် ဘေးပတ်လည်ရှိ လယ်မြေမိုးစပါးများအား နိုဝင်ဘာလ လဆန်းပိုင်းမှစပြီး ရိတ်သိမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ရိရေကန်ဘေးပတ်လည်ရှိ လယ်မြေမိုးစပါးများ ရိတ်သိမ်းဆောင်ရွက်မှုအခြေအနေကို လယ်မြေပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးလာလ်ရမ်းမွန်နာက ပြောကြားရာတွင် “ကျွန်တော်တို့မိသားစု အနေနဲ့ ရိရေကန်ဘေး ပတ်လည်၌ လယ်မြေ (၇)ဧကခန့်ရှိကြောင်း၊ ရိရေကန်ဘေးပတ်လည် တစ်လျှောက်ရှိ လယ်မြေများ၌ အစိုးရမှ ထောက်ပံ့ပေးတဲ့ ရွှေရင်အေးမိုးစပါးနှင့် ဒေသမျိုးစပါး များဖြစ်တဲ့ ဘုပွီးမျိုးစပါးနှင့် ဘုပါးရ်မျိုးစပါးများ စိုက်ပျိုးထားပါကြောင်း၊ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီမှာ စိုက်ပျိုးထားတဲ့ မျိုးစပါးများအား မိုးတွင်းကာလမိုးရေရရှိမှု ကောင်းမွန်ခြင်း ကြောင့် စပါးပင်စည်နှင့် စပါးနှံများ ကြီးထွားကောင်းမွန်ပြီး  ယခုရိတ်သိမ်းနေတဲ့ စပါးပင် အမြင့်ဟာ ပျမ်းမျှအားဖြင့် ၅ ပေကျော်ခန့်ရှိ၍ ယခင်နှစ်ထက် ပိုမိုကောင်းမွန်ပြီး စပါးအထွက်နှုန်း ပိုမိုတိုးတက်မယ်လို့ ထင်မိပါကြောင်း ပြောကြားသည်။

 

ရိရေကန်ဘေးပတ်လည်၌ လယ်မြေဧကပေါင်း ၁၃၉ ဧကရှိပြီး နိုင်ငံတော်အစိုးရမှ မျိုးစေ့ ထောက်ပံ့ပေးသည့် ရွှေရင်အေးမိုးစပါးမျိုးကို ၂၀ ဧက စိုက်ပျိုးခဲ့ရာ တောင်သူ ၂၀ ဦးတို့က စိုက်ပျိုး ထားရှိပြီး တစ်ဧကအထွက်နှုန်း ၉၆ တင်းခန့်ရှိကြောင်း၊ ဒေသမျိုးစပါးဖြစ်သည့် ဘုပွီးနှင့် ဘုပါးရ် မိုးစပါးတို့အား နိုဝင်ဘာလဆန်းပိုင်းမှ စတင်ရိတ်သိမ်းပြီး နိုဝင်ဘာလအတွင်း ရိတ်သိမ်း ပြီးစီးမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခုနှစ် မိုးရာသီအတွင်း မိုးရေရရှိမှုကောင်းမွန်ခြင်းကြောင့် ယခင်နှစ်များထက် စပါးအထွက်နှုန်းပိုမိုကောင်းမွန်မည်ဟု တောင်သူဦးကြီးများက ခန့်မှန်းထားကြကြောင်း သိရသည်။

 

 

လာလ်ပက်လောမ် (ပက်ကာ)