အသက်နှင့်ရင်းပြီး ရှာဖွေရသော ပူတာအိုဒေသတွင် သဘာဝအ‌လျောက် ပေါက်ရောက်သည့် “ဘေချီဥ”

 

ပူတာအို၊ စက်တင်ဘာ  ၂၁

 

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ် ပူတာအိုဒေသသည် ရှားပါးသည့် သဘာဝဆေးမြစ်၊ ဆေးဥများထွက်ရှိသည့် ဒေသဖြစ်ပြီး ပူတာအိုဒေသရေခဲတောင်များတွင် ရှီးပတီး၊ ခမ်းတောက်မြစ်၊ ရှားချီစသည့် အဖိုးတန်သဘာဝဆေးမြစ်၊ ဆေးဥများ ထွက်ရှိသည့်အပြင် သဘာဝအလျောက် ပေါက်ရောက်သည့် “ဘေချီဥ များအား အသက် နှင့်ရင်းပြီး ရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရှာဖွေကြရသည်။

 

ကျောက်ဖျာများတွင်တွေ့ရှိ

 

အဆိုပါဘေချီ ”အား ဒေသခံ ရဝမ်ဘာသာစကားအားဖြင့် “လန်ပါ့ဟုလည်း ခေါ်ဆိုကြပြီး ဘေချီကို ရေခဲတောင်ဖြစ်သည့် ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွယ်ရာဇီ စသည့် ရေခဲတောင်များ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့် ရေခဲတောင်ဒေသရှိ စမ်းချောင်း များ၏ ကျောက်ဖျာများတွင် ရှာဖွေတွေ့ရှိရသည့် ဆေးဥတစ်မျိုးဖြစ်သည်။

 

၎င်းဘေချီဥများကို အများအားဖြင့် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် သွားရောက်ရှာဖွေကြရပြီး ရေခဲတောင်ဒေသမှ ရရှိလာသည့် “ဘေချီဥများကို တရုတ် နိုင်ငံဘက်မှ အများအားဖြင့် ဈေးကောင်းပေးဝယ်လျက်ရှိသည်။ ယင်း “ဘေချီဥ များကို တရုတ်နိုင်ငံတွင် တရုတ်တိုင်းရင်းဆေး ထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

mdn

 

ကျပ် ၁၀ သိန်း ဝန်းကျင်အထိ ဈေးရ

 

ဘေချီဥ များသည် ကြက်သွန်နီဥကဲ့သို့ရှိပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်ဟူ၍ အရောင်သုံးမျိုး ထွက်လျက်ရှိကြောင်း၊ အဆိုပါ အသက်နှင့်ရင်းပြီး ရှာဖွေရသည့် “ဘေချီဥများကို အခြောက်လှန်းကာ ပိဿာချိန်နှင့် ရောင်းကြရကြောင်းသိရှိရပြီး ၎င်းအခြောက် ခံပြီးရရှိလာသည့် “ဘေချီဥ များ ကို ၂၀၂၁ ခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ်သုံးသိန်း၊ ၂၀၂၂ ခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ်ကိုးသိန်းနှင့် ယခုနှစ်တွင် ကာလပေါက်ဈေးအရ တရုတ် ငွေ အတက်အကျပေါ်မူတည်ပြီး ကျပ် ၁၀ သိန်း ဝန်းကျင်အထိ ဈေးရရှိကြောင်း သိရသည်။

 

အဆိုပါ “ဘေချီဥများသည် ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ အထက်ရေခဲတောင်ရှိ ကျောက် ကမ်းပါးယံများတွင် ပေါက်ရောက်သော ဆေးဥတစ်မျိုးဖြစ်ကြောင်း၊ဘေချီဥများကို အဖွဲ့လိုက်စုဖွဲ့ကာ ရှာဖွေကြရကြောင်း၊ အဆိုပါ “ဘေချီဥ များသည် ကျောက်ဆောင် ကမ်းပါးယံတွင်သာ ပေါက်ရောက်ခြင်းကြောင့် ရာသီဥတုနှင့် လမ်းခရီးကြမ်းတမ်းသဖြင့် “ဘေချီဥ ရှာဖွေချိန်တွင် ကျောက်ဆောင် ကျောက်ကမ်းပါးယံမှ ပြုတ်ကျ သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။       

 

ဖုန်ကန်(ပူတာအို)