အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယဆုရ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အမျိုးသမီးဘောလုံးအသင်းကို ကြိုဆိုဂုဏ်ပြု

ဟိုပန် နိုဝင်ဘာ ၂၅

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအမျိုးသမီးအသင်းကို ယမန်နေ့ ညနေ ၅ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ဦးရွှေရိုး ဒေါ်မိုးအကနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများက ဟိုပန်မြို့၊ မြို့ဝင်ဆိုင်းဘုတ်မှ စ၍ ကြိုဆိုခဲ့ပြီး မြို့တွင်းသို့ လှည့်လည်ခဲ့သည်။

 

ဆက်လက်၍ ဂုဏ်ပြုပွဲအခမ်းအနားကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ဥက္ကဌဦးညီနပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တတိယဆုရရှိခဲ့သည့် အမျိုးသမီးအသင်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀)ကို လည်းကောင်း၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြတို့ကို ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီနှင့် အလယ်တန်းအကောင်းဆုံးဆုနှင့် အကြိုဗိုလ်လုပွဲတွင် အနိုင်ဂိုး သွင်းခဲ့သည့် ဘောလုံးသမားကို ဆုငွေကျပ်(၂)သိန်းကို လည်းကောင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူ များက  ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ ဘောလုံးအသင်းအား နိုဝင်ဘာ ၂၅ ရက်ညတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)