ပါရီ ဇူလိုင် ၂၂
အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်အသုံးပြုခွင့် တားမြစ်သည့်ဥပဒေကို ပြင်သစ်ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။
အဆိုပါဥပဒေသည် စက်တင်ဘာလတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ဥရောပ၌ ပထမဆုံးလှုပ်ရှားမှုလည်းဖြစ်သည်။ ပြင်သစ်ပါလီမန် အထက် လွှတ်တော်နှင့် အောက်လွှတ်တော်တို့သည် အဆိုပါဥပဒေကို ဇူလိုင် ၂၁ ရက်က အတည်ပြုခဲ့သည်။ စက်တင်ဘာလမှစတင်၍ အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်အကောင့်ဖွင့်ခြင်းကို ပိတ်ပင်သွားမည်ဖြစ်သည်။
လူမှုကွန်ရက်များသည် လက်ရှိ ရှိနေဆဲဖြစ်သည့် အကောင့်များကို ပိတ်သိမ်းသွားရန် ဇန်နဝါရီလမတိုင်မီအထိ လေးလရရှိမည်ဟု သိရသည်။ လူမှုကွန်ရက် မီဒီယာများသည် ပြင်သစ်နိုင်ငံ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ စည်းကမ်းထိန်းသိမ်းရေး၏ အသက်ထောက်ခံချက်ကို လိုအပ်မည်ဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အဆိုပါ ဥပဒေပြဋ္ဌာန်းခြင်းကို အဓိကလုပ်ဆောင်ချက်ဟု ခေါ်ဆိုကာ ကြိုဆိုခဲ့သည်။
ဩစတြေးလျနိုင်ငံသည် အသက် ၁၆ နှစ်အောက် ကလေးများကို လူမှုကွန်ရက်အကောင့်အသုံးပြုခြင်း ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂသည်လည်း စည်းမျဉ်းစည်းကမ်းများကို စဉ်းစားနေသည်ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ပြောသည်။
အင်န်အိတ်ချ်ကေ


