ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲတွင် မြန်မာအသင်း အင်ဒိုနီးရှားအသင်းနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်

 

ရန်ကုန်၊ မေ ၂၈

 

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ရာ မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။  နောက်ဆုံးအဆင့်ပြိုင်ပွဲကို   ငါးသင်းနှစ်အုပ်စု ခွဲ၍   ကျင်းပမည်ဖြစ်ပြီး   အုပ်စု(က)တွင်    လက်ရှိ ချန်ပီယံ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်း၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအိုအသင်းတို့နှင့် ပွဲများကို အိမ်ကွင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတို့နှင့် ပွဲများကို အဝေးကွင်းကစားရမည်ဖြစ်သည်။

 

ပွဲစဉ်ရေးဆွဲထားမှုအရ နိုဝင်ဘာ ၂၃ ရက်တွင်  ကမ္ဘောဒီးယားနှင့် မလေးရှား၊ ခြေစစ်ပွဲအောင်အသင်း နှင့် ထိုင်းအသင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာနှင့် အင်ဒိုနီးရှား၊ လာအိုနှင့် ဗီယက်နမ်၊ နိုဝင်ဘာ ၂၆ ရက် တွင် မလေးရှားနှင့် ခြေစစ်ပွဲအောင်အသင်း၊ စင်ကာပူ နှင့် ကမ္ဘောဒီးယား၊ နိုဝင်ဘာ ၂၇ ရက်တွင် အင်ဒိုနီးရှား နှင့် လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ခြေစစ်ပွဲအောင်အသင်းနှင့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှား၊ နိုဝင်ဘာ ၃၀ ရက်တွင် လာအိုနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ ဒီဇင်ဘာ ၂ ရက်တွင် စင်ကာပူနှင့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ခြေစစ်ပွဲအောင်အသင်း၊ ဒီဇင်ဘာ ၃ ရက်တွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်၊ မြန်မာနှင့် လာအို၊ ဒီဇင်ဘာ ၆ ရက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူ၊ ဒီဇင်ဘာ ၇ ရက်တွင် ဗီယက်နမ်နှင့် မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပထမ အကျော့ကို ဒီဇင်ဘာ ၁၀၊ ၁၁ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၇၊ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ကိုညီလေး၊

ဓာတ်ပုံ-သော်ကြီး