အသွားအလာ ကန့်သတ်မှုတွေ ပြန်လည်ပြဋ္ဌာန်းလာတဲ့ ဉရောပနိုင်ငံ အချို့ရဲ့ မြို့များ

၁၇ ဇူလိုင်

 

ဉရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၂,၆၂၈,၈၇၃ ဦး ရှိနေပြီး သေဆုံးသူက ၁၉၈,၁၆၃ ဦး ရှိနေကြောင်း ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့ ဉရောနိုင်ငံ အချို့ရဲ့ မြို့တွေကို အသွားအလာ ကန့်သတ်ထားကြောင်း သိရပါတယ်။

 

စပိန်နိုင်ငံ

 

- စပိန်နိုင်ငံ ဘာစီလိုးနားရှိ မြို့နယ်သုံးခုမှာ နေထိုင်သူများအား ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် အိမ်မှာနေထိုင်ရန် ကတ်တလန်ပြည်နယ် အစိုးရက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းရှိ လီရီဒါမှာ နေထိုင်တဲ့ လူပေါင်း ၁၆၀,၀၀၀ ကိုလည်း အလုပ်သွားခြင်း၊ အစားအစာနဲ့ ဆေးဝါးဝယ်ယူခြင်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှ လွဲပြီး အပြင်မထွက်ရန် ညွှန်ကြားထားပါတယ်။

 

ပေါ်တူဂီနိုင်ငံ

 

- လစ္စဘွန်းဒေသမှာ နေထိုင်တဲ့ လူဦးရေ ၇၀၀,၀၀၀ ကို ဇူလိုင် ၁ ရက်မှစပြီး သီတင်းနှစ်ပတ် နေအိမ်တွေမှာပဲ ရှိနေရန် ညွှန်ကြားထားပါတယ်။

 

ဗြိတိန်

 

- လက်စတာမြို့မှာ ဇွန် ၃၀ ရက်နေ့မှစပြီး အရေးကြီးပစ္စည်း ဝယ်ယူရန်မှ လွဲပြီး သီတင်းနှစ်ပတ် အပြင်မထွက်ရန် အမိန့်ထုတ်ထားပါတယ်။ စကော့တလန်မှာ မျက်နှာဖုံး မဝတ်မနေရ အမိန့်ထုတ်ပြန်ထားပြီး အင်္ဂလန်မှာ ဇူလိုင် ၂၄ ရက်မှစပြီး ဈေးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ မျက်နှာဖုံးဝတ်ဆင်ရန် အမိန့်ထုတ်ထားပါတယ်။

 

အိုင်ယာလန်

 

- မူလက ဇူလိုင် ၁၃ ရက်နေ့မှာ ဘားတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်ထားပေမယ့် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှိလာတဲ့အတွက် ဩဂုတ် ၁၀ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ အဆောက်အအုံ အတွင်းမှာ စုဝေးခွင့်ကို ၅၀ သာ ခွင့်ပြုပြီး အဆောက်အအုံပြင်ပမှာတော့ လူ ၂၀၀ အထိ စုဝေးခွင့်ကို မျက်နှာဖုံး ဝတ်ဆင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

 

ပြင်သစ်

 

- လာမယ့် သီတင်းပတ် မှစပြီး ပြတိုက်၊ပြခန်းတွေ အားလုံးကို ပြန်ဖွင့်မှာဖြစ်ပေမယ့် လူတိုင်းက မျက်နှာဖုံးဝတ်ဆင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

2429