အသွားအလာ ကန့်သတ်မှု မရှိတဲ့ ဒူဘိုင်းတစ်ခွင်က ခရီးသွားလုပ်ငန်း ပြန်လည် လည်ပတ်

၁၈ ဇန်နဝါရီ

 

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ ရှိနေပေမယ့် ယူအေအီးနိုင်ငံ ဒူဘိုင်းမှာတော့ ခရီးသွားတွေအတွက် တံခါးတွေ အားလုံးကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားပါတယ်။ ဒူဘိုင်းဟာ နေသာပြီး အသွားအလာ ကန့်သတ်မှု မရှိတဲ့နေရာလို့  ကိုယ်တိုင်အမည်ပေးထားပြီး ခရီးသွားတွေကို စွဲဆောင်နေတာကို တွေ့ရပါတယ်။

 

 

ခရီးသွားနဲ့ စည်းကားနေတဲ့ ဒူဘိုင်းရဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဧရာမ ဈေးဝယ်စင်တာကြီးတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေရေးနဲ့ မျက်နှာဖုံး ဝတ်ထားရေး စည်းမျဉ်းတွေကို အထူး တင်းကျပ်ထားပါတယ်။

 

 

ကမ္ဘာ့ခရီးသည်တင် လေကြောင်းလိုင်းကြီးတစ်ခုဖြစ်တဲ့ Emirates ဟာ ဗြိတိန်နဲ့ ရုရှားနိုင်ငံကနေ လာရောက်လည်ပတ်မယ့် သူတွေအတွက် ခရီးစဉ်ရဲ့ လေးပုံ သုံးပုံ ပြန်လည် လည်ပတ်နေပြီဖြစ်ပါတယ်။

 

 

ဒူဘိုင်းကို လာရောက် လည်ပတ်နေတဲ့ ရုရှားခရီးသွား အမျိုးသားတစ်ဦးက တခြားသော ခရီးသွား နေရာတွေမှာ လုံးဝ အသွားအလာ ကန့်သတ်မှု သို့မဟုတ် တစ်စိတ်တစ်ဒေသ အသွားအလာ ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် ဒူဘိုင်းကို ရွေးချယ်ရကြောင်း ပြောပါတယ်။

 

 

ဒူဘိုင်းကို လာရောက် လည်ပတ်မယ့် သူတွေဟာ PCR နည်းနဲ့ ဗိုင်းရပ်စ်ပိုးကို မူရင်းနိုင်ငံမှာ စစ်ဆေးရန် လိုအပ်ပြီး၊  ဒူဘိုင်းအရောက်မှာ မူရင်းနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အခြေအနေလိုက်ပြီး ထပ်မံ စစ်ဆေးရန် လိုအပ်တာကို တွေ့ရပါတယ်။ ခရီးသွားတွေဟာ ဒူဘိုင်းမှာ လွတ်လွတ်လပ်လပ် ဝင်ရောက်လာနိုင်ပြီး ဆောင်းရာသီရဲ့ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကို ခံစားနိုင်ကြောင်း ပြောပါတယ်။

 

 

Oxford Economic မဂ္ဂဇင်းရဲ့ အရှေ့အလယ်ပိုင်း စီးပွားရေးကဏ အကြီးအကဲက ဒူဘိုင်းရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်တာ သိပ်ပြီး အန္တရာယ်ကြီးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထပ်မံဖြစ်ခဲ့မယ်ဆိုရင် ပြန်လည် နာလန်ထူဖို့ အချိန်ကြာသွားနိုင်ကြောင်း သတိပေးပြောကြားပါတယ်။

 

 

ခရီးသွား လုပ်ငန်းဟာ ဒူဘိုင်းရဲ့ အဓိက စီးပွားရေးအဖြစ် ကာလအတော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ခရီးသွား ၁၆ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၀ခုနှစ်မှာ သန်း ၂၀ အထိ လာရောက် လည်ပတ်ရန် ကပ်ရောဂါ မတိုင်မီမှာ ရည်မှန်းထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP