အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ဒုတိယအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲ” ကျင်းပ

ရန်ကုန်  ၃၀ ဇွန်

မြန်မာနိုင်ငံ၏အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်“ဒုတိယအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲ”ကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ဦးမောင်မောင်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဌ၊ပြည်တွင်းအခွန်များဦးစီးဌာန၊ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများ၊ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့်JPX, JICA, Daiwa Securities, Asia Frontier Capital တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင်သဘာပတိအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းက ဆောင်ရွက်ပြီးအမှာစကားပြောကြားရာတွင် စကားဝိုင်းဆွေးနွးပွဲ ဒုတိယ အကြိမ်တွင် ဈေးကွက်ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာလတို-ကာလလတ် အစီအစဉ်များ၊ ဈေးကွက်တွင်ပါဝင်သူတစ်ဦးချင်းစီ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အစိုးရဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များကိုဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသား များဈေးကွက်အတွင်းပါဝင် ရင်းနှီးမြှုပ်နှံခွင့်ပြုမည့်အမိန့်ကြော်ငြာစာ မကြာမီထုတ်ပြန်နိုင် တော့မည်ဖြစ်သည့်အတွက် နိုင်ငံခြားသားအဖွဲ့ အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ (Foreign Institutional Investors (FIIs)၊ Private Equity Fund များ၊ JPX နှင့် Daiwa Securities တို့မှ လက်တွေ့လုပ်ငန်းဆောင်ရွက် နေသူများကိုလည်းရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)တွင်ဖော်ပြ ထားသော မဟာဗျူဟာလုပ်ငန်းစဉ်များတွင်လည်း အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် ထည့်သွင်းထားကြောင်း၊ အများပြည်သူများအနေဖြင့် ရေတိုရင်းနှီးမြှုပ်နှံမှုအပေါ်သာ အလေးထား လေ့ရှိကြသည့်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုများအားဆွဲဆောင်နိုင်ရန်အတွက် အသိပညာပေးခြင်း၊ ဆွေးနွေးပွဲများကျင်းပရန်လိုအပ်မည်ဖြစ်ကြောင်း။

Securities Company များအနေဖြင့်ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းလိုင်စင် အမျိုးအစား (၄)မျိုးလုပ်ကိုင်နိုင်ရန် ခွင့်ပြုထားသော်လည်း ကနဦးအစုရှယ်ယာ ထုတ်ဝေရောင်းချလာစေရေး အတွက် Underwriting လုပ်ငန်းနှင့်အကြံဉာဏ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုအားနည်း နေပါကြောင်း၊ ဈေးကွက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် SECM နှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများအနေဖြင့် လစဉ်ပုံမှန်အစည်းအဝေး များလည်းကျင်းပလျက်ရှိပါကြောင်း၊ ယခုစားပွဲဝိုင်း ဆွေးနွေးပွဲမှတစ်ဆင့် လက်ရှိဈေးကွက်အခြေအနေ နှင့်စပ်လျဉ်း၍ ဈေးကွက်တွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းများအားလုံးသည် မြန်မာ နိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းအဖြေရှာသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စားပွဲဝိုင်းဆွေးနွေးပွဲအားကျင်းပရာ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဈေးကွက်တွင်ပါဝင်သူများထံမှ ကောက်ယူရရှိသည့် အရင်းအနှီးဈေးကွက်ရေရှည်တည်တံ့ပြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြံပြုတိုက်တွန်းချက်များကိုတက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)