အရီရာနာဂရန်းဒ်ရဲ့ မင်္ဂလာဓာတ်ပုံများ ထုတ်ဖော်ပြသ

ကျော်ကြားတဲ့ အမေရိကန်ပေါ့ တေးသံရှင်တစ်ဦးဖြစ်သူ အရီရာနာဂရန်းဒ်ဟာ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူ ဒယ်လ်တန်ဂိုမက်ဇ်နဲ့ ယခုလအတွင်း တိတ်တဆိတ်လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း မီဒီယာတွေက ရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ လတ်တလောမှာ အရီရာနာဂရန်းဒ်က အဆိုပါ မင်္ဂလာအခမ်းအနားက ပုံရိပ် တွေကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တေးသံရှင် အရီရာနာဂရန်းဒ်ဟာ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်သူ ဒယ်လ်တန်ဂိုမက်ဇ်နဲ့ မေ ၁၅ ရက်က လက်ထပ်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အကျဉ်းသာ ကျင်းပခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မွန်တက်စီနိုမှာရှိတဲ့ သူတို့နှစ်ဦးရဲ့ နေအိမ်မှာပင် ပြုလုပ်ခဲ့တဲ့ အဆိုပါမင်္ဂလာပွဲကို ရင်းနှီးတဲ့အသိုင်း အဝိုင်းမှ လူ ၂၀ ခန့်ကိုသာ ဖိတ်ကြားခဲ့တာဖြစ်ပြီး အဆိုပါ မင်္ဂလာအခမ်းအနားက ဓာတ်ပုံတွေကို အရီရာနာဂရန်းဒ်က အင်စတာဂရမ်စာမျက်နှာပေါ်မှာ မေ ၂၆ ရက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဓာတ်ပုံတွေနဲ့အတူ အရီရာနာဂရန်းဒ်က ၅.၁၅.၂၁ လို့ ရေးသားဖော်ပြထားတာလည်း တွေ့ရပါ တယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားကို မေ ၁၅ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိနိုင်ပါတယ်။ အရီရာနာဂရန်းဒ်နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက ပြောကြားချက်အရ အရီရာနာဂရန်းဒ်ရဲ့ ခင်ပွန်းဖြစ်သူ ဒယ်လ်တန်ဂိုမက်ဇ်ဟာ ငယ်ရွယ်သော်လည်း ရင့်ကျက်သူတစ်ဦးဖြစ်ကြောင်း၊ အလုပ် ကြိုးစားကာ ထင်ထင်ပေါ်ပေါ်နေလိုစိတ်မရှိသူ တစ်ဦးလည်းဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးဟာ လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်