အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်း    

ရန်ကုန် ၂၃ ဇွန်

 

(၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် စက်တင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း လာအိုနိုင်ငံ ကာယဗလအဖွဲ့ချုပ်က ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၁ ခုနှစ်အတွင်းသို့ ပြောင်းရွှေ့ကျင်းပရန် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ သိရသည်။

 

“ပြိုင်ပွဲကိုရွှေ့ဆိုင်းလိုက်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အားလုံးပါဝင်တဲ့ အစည်းအဝေး မလုပ်ရသေးပါဘူး။ ဘယ်ပြိုင်ပွဲ အမျိုးအစားတွေ ပါဝင်မလဲဆိုတာကိုလည်း မသတ်မှတ်ထားသေးသလို အဖွဲ့ချုပ်အနေနဲ့ သူတို့ဘက်က အကြောင်းကြားမှုကို စောင့်ဆိုင်းနေပါတယ်” ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကျော်စိန်သန်းကပြောသည်။

 

ပြိုင်ပွဲကို ရွေ့ဆိုင်းလိုက်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး မူလကပြိုင်ပွဲကို ဇွန် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပရန် သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် စက်တင်ဘာ ၂၄ ရက် မှ ၂၉ ရက်အထိ ထပ်မံရွေ့ဆိုင်းခဲ့ရာမှ ယခုတွင် ၂၀၂၁ ခုနှစ်သို့ ရွေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုချက်ရရှိပါက နိုဝင်ဘာတွင် ကျင်းပရန် ရာထားကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး