အရောင်းအဝယ် ကျဆင်းနေသော ရိုးရာမြေအိုးလုပ်ငန်းများ သင်္ကြန်ပွဲတော်နီးလာ၍ အရောင်းအဝယ် ကောင်းမွန်နေ

ရေတာရှည်  ၂၂  မတ်

မြို့ပြနှင့် ကျေးလက်ဒေသများတွင် ရှေးယခင်က တွင်ကျယ်စွာ သုံးစွဲခဲ့ကြသည့် ရိုးရာမြေအိုးလုပ်ငန်းများမှာ တစ်ဖြေးဖြေး ပျောက်ကွယ်လာနေကာ မိသားစု စားဝတ်နေရေးအတွက် ရိုးရာမပျက် လုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာ ကျန်ရှိတော့ပြီး လက်ရှိသင်္ကြန်ကာလ နီးကပ်လာချိန်တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ အင်ဒိုင်းရပ်ကွက်ရှိ မြေအိုးလုပ်ကိုင်သူများက ပြောကြားသည်။

“ခုလို ပူပြင်းလှတဲ့ နွေရာသီကာလကိုပဲ အဓိကအားထားပြီး ရောင်းချရတာဆိုတော့ အရင်လတွေကတည်းက ကြိုတင်လုပ်ပြီး သိုလှောင်ထားရတာရှိတယ်။ ဒါမှလဲ မြို့တွေက အော်ဒါမှာတာတွေကို နိုင်နင်းအောင် ရောင်းပေးနိုင်မှာ သင်္ကြန်နီးလာတော့ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ အေလာမြို့တွေဘက်ကလဲ လာဝယ်ကြတယ်။ ဆွာမြို့၊ ရေတာရှည်မြို့ဘက်တွေကိုလဲ ပို့ပေးရတာရှိတယ်။ အဓိက အမှာများတာက အတာသင်္ကြန်အိုးလေးတွေ များပါတယ်။ ဒီမှာ တစ်လုံးကို ၃၀ဝ ကျပ်နဲ့ပဲ ရောင်းပေးတာပါ။ သူတို့ကတော့ တစ်လုံးကို ၅၀ဝ လောက် ပြန်ရောင်းမှာပေါ့” ဟု မြေအိုးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

မြေအိုး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဓိကကုန်ကြမ်းဖြစ်သော မြေရှားပါးမှုဖြစ်ပြီး များသောအားဖြင့် မြေစေးကိုရှာဖွေယူရကာ မြေအိုးအရွယ်အစား အမျိုးမျိုး၊ ပန်းအိုး၊ အတာသင်္ကြန်အိုးများကို လုပ်ကိုင်ကြရသည်ဟု ၎င်းကပင် ဆက်လက်ပြောကြားသည်။

မြေအိုးများကို ကျေးလက်ဒေသများက သောက်သုံးရေတည်အိုး၊ ချိုးရေအိုး၊ မီးဖိုချောင်သုံးအိုးများအဖြစ် အများဆုံး သုံးစွဲလျက်ရှိကြပြီး ကျေးရွာချင်းဆက်လမ်း အရိပ်အာဝါသ ကောင်းမွန်သည့် သစ်ပင်များတွင် ခရီးသွားလာသူများ အမောပြေ သောက်သုံးရန်အတွက် ရေချမ်းစင်များ ပြုလုပ်ပေးထားတတ်ကြသည်ကို တွေ့ရှိရသည်။ ရိုးရာမြေအိုး လုပ်ကိုင်ကြသူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ကြရတွင် မိသားစုအတွက် လုံလောက်သည့် ဝင်ငွေမရရှိတော့သဖြင့် အခြားဒေသများသို့ ရွှေ့ပြောင်းခြင်း၊ လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ခြင်းများကြောင့် ရိုးရာမြေအိုးလုပ်ငန်းများ လျော့ပါးလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားမှုများလည်း ရှိနေသည်။

ကိုလွင်(ဆွာ)