Apple နည်းပညာကုမ္ပဏီမှ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပြီးမှသာ လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုမည်

နယူးယောက် ဇန်နဝါရီ ၁၇

 

အမေရိကန်နိုင်ငံမှ Apple နည်းပညာကုမ္ပဏီသည် ၎င်း၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူပြီးစီးကြောင်း ဆေးလက်မှတ်ပြသနိုင်မှသာ လုပ်ငန်းခွင်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် စနစ်အား ကျင့်သုံးသွား မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောကြားချက် အရ သိရသည်။

 

ဇန်နဝါရီ ၂၄ ရက်မှစတင်၍ အဆိုပါနည်းပညာ ကုမ္ပဏီ၌ လာရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် အကယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါက တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ခံယူရမည်ဖြစ်သည်။

 

အမေရိကန်နိုင်ငံအတွင်း လက်ရှိအချိန်၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေခြင်းကြောင့် အမေရိကန်နိုင်ငံရှိ ကုမ္ပဏီအများအပြားမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို ဆောင်ရွက်စေလျက်ရှိကြောင်း သိရသည်။ မကြာသေးမီအချိန်က ဖေ့စ်ဘွတ်၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော မီတာနည်းပညာကုမ္ပဏီကလည်း ၎င်း၏ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

 

ထို့ပြင် နည်းပညာ ကုမ္ပဏီများဖြစ်သည့်ဂူးဂဲလ်နှင့် အမေဇုန်တို့ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆောင်ရွက်ချက်များ၌ ဂူးဂဲလ်ကုမ္ပဏီ၏ ရုံးအဆောက်အအုံသို့ ဝင်ရောက်သူများသည် ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးမှုခံယူရန်လိုအပ်ပြီး အမေဇုန်ကုမ္ပဏီကလည်း ၎င်း၏ ကုန်လှောင်ရုံများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူနိုင်ရန် တစ်ဦးလျှင် ကန်ဒေါ်လာ ၄၀ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - စီဂျီတီအန်၊

ဘာသာပြန် - စိုးသူရ