အပန်းဖြေသွားမည် မောင်းမကန်ကမ်းခြေဆီ

၂၄ စက်တင်ဘာ


လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ မိသားစုနှင့်မိမိဘဝအတွက် ရုန်းကန်လှုပ်ရှား နေရသဖြင့် စိတ်ရော၊ ခန္ဓာကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြရသည်။ ယင်းသို့ ပင်ပန်းလျက်နှင့်ပင် မိသားစု စားဝတ်နေရေးအတွက် စိတ်အားတင်းကာ မဖြစ်မနေရုန်းကန်နေကြရသည်။ အနားယူအပန်းဖြေရမှန်း သတိမထားမိဘဲ မျက်ကွယ်ပြုနေရသည်။ အမှန်မှာ လူတိုင်းလူတိုင်းသည် အားလပ်အချိန်ပေးပြီး ခရီးသွားရင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေအနားယူသင့်သည်။   

 

အပန်းဖြေခရီးသွားခြင်းသည် ကျန်းမာခြင်း၊ စိတ်ရွှင်လန်းခြင်း၊ အသိအမြင် ဗဟုသုတတိုးပွားစေခြင်း၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်ခြင်း၊လေကောင်းလေသန့်များရှူရှိုက်ရခြင်း၊ စိတ်သစ် လူသစ်ခွန်အားသစ်များ ဖွံ့ဖြိုးစည်ပင်စေခြင်း စသည့် အကျိုးတရားများအပြင် စီးပွားရေး နယ်ပယ် အသစ်၊ စိတ်ကူးစိတ်သန်းအသစ်အတွက် လမ်းဖွင့်ပေးသောအခွင့်အရေး များကိုလည်း ဖော်ဆောင် ပေးမည်ဖြစ်သည်။ ပျော်ရွှင်ကြည်နူးမှု၊ စိတ်ချမ်းသာမှုများကိုလည်း လက်တွေ့ခံစားရမည်ဖြစ်သည်။

 

ထို့ကြောင့် ကျွန်တော်နှင့်အတူ သူငယ်ချင်းများသည် မောင်းမကန်ကမ်းခြေသို့ အပန်းဖြေ အနားယူရန်အတွက် မိုးရာသီကာလအတွင်း တစ်ခေါက်ရာက်ရှိ၍ မောက်းမကန်ကမ်းခြေအကြောင်း လေ့လာကြည့်ရာ မောင်းမကန်ကမ်းခြေသည် ယခုနောက်ပိုင်းမှ ပေါ်ပေါက်လာသည့် ကမ်းခြေ မဟုတ်ဘဲ ရှေ့ယခင်မင်းများလက်ထက်ကပင် သမိုင်းအမည်တွင်ခဲ့သောကမ်းခြေတစ်ခုဖြစ်ည်။ 

 

ကျန်စစ်သားမင်း၏သားတော် အလောင်းစည်သူမင်းကြီးသည် မောင်းမမိဿံများနှင့်အတူ ကရဝိတ်ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်ခဲ့ရာ ယခု မောင်းမကန် ကမ်းခြေဖြစ်လာမည့် နေရာတွင် မောင်းမမိဿံများက ပင်လယ် ရေငန်ချိုးပြီး ရေချိုချိုးရန် ရေသန့်ကန်တစ်ခုကို တူးဖော်ခဲ့သည်။ ယင်းကိုအကြောင်းပြု၍ မောင်းမကန်ကမ်းခြေဟုအမည်တွင်ခဲ့သည်ဟုလေ့လာသိရှိခဲ့ရပြီး ယနေ့တိုင် လူသိများထင်ရှားသည့် ကမ်းခြေတစ်ခုဖြစ်သည်။

 

ကျွန်တော်တို့သည် မောင်းမကန်ကမ်းခြေရှိ မန်းရတနာပုံ စားသောက်ဆိုင်တွင် အနားယူ အပန်းဖြေနေစဉ် သဲသောင်ပြင်ကမ်းစပ်တစ်လျှောက်နှင့် ဈေးဆိုင်များသို့ လေ့လာကြည့်ရာ ခရီးသွားများ၊ အပန်းဖြေလာရောက်သူများ နည်းပါးနေပါသဖြင့် သိလိုသည်များကို ဆိုင်ပိုင်ရှင် ဒေါ်ငယ် အားမေးမြန်းခဲ့သည်။ ဒေါ်ငယ်က “မောင်းမကန် ကမ်းခြေမှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နေ့ကြီးရက်ကြီးနှင့် သင်္ကနြ်ရုံးပိတ်ရက်တွေမှာဆို တော်တော်လေးကို စည်ကားပါတယ်၊ ကြားရက် စနေ၊ တနဂငေ်္နွရက်တွေမှာလည်း အထိုက်အလျောက် စည်ကားပါတယ်၊ ယခုလိုမိုးတွင်းမှာတော့ အသွားအလာနည်းတော့ ဈေးရောင်းအေးတယ်၊ အများအားဖြင့် မောင်းမကန်ကမ်းခြေကိုအပန်းဖြေ လာရောက်သူများကတော့ မော်လမြိုင်၊ရေးပေါ့နော် ထားဝယ်၊ မြိတ် ၊ကော့သောင်းအားလုံးပေါ့ တော်တော်များများက လာ ကြပါတယ်၊ သူတို့ဟာအပန်းဖြေကြပြီး ရေကူးကြတယ်၊ ထိုင်ခုံလေးတွေမှာ နားနားနေနေအပန်းဖြေကြတယ်၊စားကြ၊သောက်ကြတယ်၊ သွားကြလာကြပြီး ပျော်ရွှင်ကြပါတယ်”ဟု ဖြေကြားပေးသည်။

 

မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့မှ(၁၀)မိုင်ခန့်သာ ကွာဝေးသောကြောင့် အခါကြီး ၊ ရက်ကြီးများနှင့် စနေ၊တနင်္ဂနွေရုံးပိတ်ရက် များတွင် လာရောက်လည်ပတ်သူများပြားသည်။ ''မောင်းမကန် က ရေကိုချိုးလျှင် ဆွေမျိုးမေ့သည်ဟု'မောင်းမကန်နှင့်ပတ်သက်ပြီး ရှေ့လူကြီးများ ဆိုရိုးစကားကို မှတ်သားခဲ့ဖူးပါသည်။ 

 

မောင်းမကန်ကမ်းခြေသည် အနားယူအပန်းဖြေရန်အတွက် နေရာကောင်းအဖြင့် သတ်မှတ်နိုင်သည့် အရည်အသွေးများကိုပိုင်ဆိုင်ထားပါသည်။ ကမ်းခြေအနေအထားကို ကြည့်လိုက်လျှင် တောင်နှင့် မြောက် အလျားလိုက်(၃)မိုင်ခန့် ရှည်လျားပါသည်။ ပင်လယ်ကမ်းစပ်သည်လည်း ပြေပြစ်ပြီး ကျောက်ဆောင်များလည်းမရှိပါ။ ချောက်တွေလည်း ကင်းပြီး ရေကျသွားတဲ့အခါသောင်ပြင်ကကျယ်လှသည်။ သဲပြင်ကလဲမာနေသောကြောင့် လမ်းလျှောက်သွားရန် အလွန်ကောင်းပါသည်။ စက်ဘီး-ဆိုင်ကယ်စီး၍လည်း ရသည်။ သက်တမ်းနှစ်(၇၀)ခန့်ရှိသော ပင်လယ်ကဗွီးပင်တန်းများကိုလည်းတွေရပါမည်။ ၎င်းအပင်သည် ထင်းရူးပင်နှင့်တူသောကြောင့် ပင်လယ်ထင်းရူးဟုလည်းခေါ်ကြသည်။ 

 

မောင်းမကန်ကမ်းခြေသည် ညနေနေဝင်ချိန်တွင် ပုဇွန်ဆီအရောင်သန်း၍ မိုးကုတ်စက်ဝိုင်းမှာ ရောင်စုံ အလှအပကိုလည်း ကြည့်မဆုံးနိုင်အောင်ပင် ကြည်နူးဖွယ်ရာမြင်ကွင်းဖြစ်ပါသည်။ မောင်းမကန်ကမ်းခြေ၏ နေဝင်ချိန်သဘာဝအလှကို အေးအေး ဆေးဆေးထိုင်ကြည့်ပြီး တိုက်ခတ်လာသောပင်လယ်လေအေးကလည်း လာရောက်အပန်းဖြေသူများ၏ စိတ်ထဲတွင်ကြည်နူးပီတိဖြစ်စေပါသည်။ 

 

အဆိုပါ မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့၊လောင်းလုံးမြို့၊ ရေဖြူမြို့နှင့်သရက်ချောင်းမြို့တို့မှလည်း ကား၊ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များဖြင့် အလွယ်တကူနေ့၊ညမရွေးသွားလာနိုင်ပါသည်။ မကြာမီ သီတင်းကျွတ်ကာလ ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သခြဖင့် လာရောက်လည်ပတ် အပန်းဖြေမည့် မိသားစုများ၊ အစုအဖွဲ့များတည်းခိုရန် ဘန်ဂလိုများ၊ တည်းခိုခန်းများလည်း အသင့်ရှိနေပါသည်။ ဒေသထွက် ပင်လယ် အစားအသောက်များလည်းရှိပေသည်။ ပင်လယ်ထွက်ပစ္စည်းများဖြင့် အလှဆင်ထားသောခရုကုံး၊ ခရုနှင့်ပြုလုပ်ထားသော အရုပ်မျိုးစုံကိုလည်း မောင်းမကန်ဒေသ၏ အမှတ်တရအဖြစ် လက်ဆောင်များဝယ်ယူ၍ ရနိုင်ပါသည်။ 

 

ဆက်လက်ပြီး ကျွန်တော်တို့သည်မောင်းမကန်ကမ်းခြေသဲသောင်ပြင်တွင် လမ်းလျှောက်ရင်း အပန်းဖြေနေကြစဉ် အရပ်ဝေးမှ ခရီးသွားအပန်းဖြေလာရောက်သူ မသက်သက်ဖြိုးနှင့် မဖြူဖြူအောင်တို့  သူငယ်ချင်းနှစ်ဦးအား သိလိုသည်များမေးမြန်းကြည့်ရာ ဝေးနေတဲ့သူငယ်ချင်းတွေ ဆုံတုန်းလာရောက် လည်ပတ်ကြတယ်၊ ဘောကွင်းတွေငှားပြီးရေကူးမယ်၊အုန်းသီးနုရည်သောက်မယ်၊ ဆီထမင်းဝယ်စားမယ်၊ အမှတ်တရဓါတ်ပုံတွေရိုက်မယ်၊ အပြန်မှာရုပ်ရှင်သွားကြည့်မယ်၊ တစ်နေကုန်အပန်းဖြေကြမယ်၊ သူငယ်ချင်းတွေနဲ့အတူ လာပြီး အပန်းဖြေရတဲ့အတွက် ပျော်လည်းပျော်တယ်၊ စိတ်လန်းဆန်းပေါ့ပါးမှုကိုလည်းခံစားရစေပါတယ်၊ မိတ်ဆွေအသစ်လဲတိုးပွားလာစေပါတယ်။ သတင်းကျွတ်ပြီးရင်လဲနောထပ်လာအုံးမယ်”ဟု ချစ်စဖွယ် ထားဝယ်ဒေသ စကားဖြင့် ဖြေကြားပါသည်။

 

သို့ပါ၍ နိုင်ငံတစ်ဝှမ်းရှိကမ်းခြေများအနက် တနင်္သာရီတိုင်းဒေသ၏ အထင်ကရနေရာဖြစ်ပြီး ထားဝယ်ဒေသ၏ထင်ရှားလှသော မောင်းမကန်ကမ်းခြေသို့ ''မွန်းဂံကလိုင်းလောင်းဂီးလာစီးပါလားရှင်''ဆိုသည့် ထားဝယ်းသီချင်းဖြင့် အရပ်ဝေးအရပ်နီးမှ မိတ်ဆွေအပေါင်းအား အပန်းဖြေခရီးလာရောက်လည်ပတ်ကြပါရန် ဖိတ်ခေါ်လိုက်ရပါကြောင်း...။


     
နန်းသာရီ-ထိန်ဝင်း