အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲ နေပြည်တော်၌ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေး ရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထား ဂရုပြုတတ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းအားကစားပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ လူငယ်ရေးရာကော်မတီမှကြီးမှူး၍ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အားကစား လေ့ကျင့်ရေးစခန်း(၂)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီဝင် နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြိုင်ပွဲဝင် အားကစားသမားများကို နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် မသန်စွမ်းအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိကြသူများကို ဆုများချီးမြှင့်သည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲအဖြစ် ပြေးခုန်ပစ် အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အမျိုးအစားနှစ်မျိုး ကျင်းပခဲ့ပြီး နေပြည်တော်မှ မသန်စွမ်း ကစားသမား ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

MDN