အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၃ 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသော မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေး စခန်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲများအပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများက ပထမ၊ ဒုတိယ၊ တတိယရရှိကြသော မသန်စွမ်း ကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်သည်။

ပြိုင်ပွဲများအဖြစ် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်တွင် ပြိုင်ပွဲ ၁၄ ပွဲ၊ ရေကူးပြိုင်ပွဲ လေးပွဲ၊ စစ်တုရင်ပြိုင်ပွဲတွင် မျက်စိအမြင်၊ မျက်စိမမြင်၊ ကိုယ်အင်္ဂါမသန်စွမ်း အတန်းသုံးတန်း ယှဥ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ လူမှု၀န်ထမ်းဦးစီးဌာန၊ မျက်မမြင်ကျောင်းများ၊ မြို့နယ်အသီးသီးမှ ကစားသမားများ စုစုပေါင်း ၁၂၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဗလစိုး