အောက်တိုဘာ ၁၄

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီးနောက် ဂါဇာဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်ရရှိခဲ့ပြီးနောက် ဂါဇာဒေသသို့ထောက်ပံ့ရေးပစ္စည်းများချက်ချင်းပေးပို့ရန် အမေရိကန်သမ္မတ ထရမ့်အဆိုပြုခဲ့သော အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် ပါရှိသည်ဟု သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးမှ အွန်လိုင်းပေါ်တွင် တင်ထားသည့် ဗီဒီယိုဖိုင်တွင် Kerem Shalom နယ်စပ်ဖြတ်ကျော်သည့်နေရာတွင် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် ထရပ်ကားအများအပြားကို ပြသထားသည်။

ထိုဗီဒီယိုတွင် တာဝန်ရှိသူတစ်ဦးက ကုန်တင်ကားတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့်  ရွက်ဖျင်တဲကဲ့သို့သော အမိုးအကာများပါရှိကြောင်းနှင့် ငှက်ပျောသီး၊ အာလူးနှင့် အခြားလတ်ဆတ်သော သီးနှံများလည်းပါရှိကြောင်း ပြောကြားသည်။

စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ သယ်ဆောင်လာသည့် ရာနှင့်ချီရှိသော ထရပ်ကားများသည် ဂါဇာကမ်းမြောင်ဒေသကို နေ့စဉ်ဝင်ရောက်မည်ဟု  ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို