အွန်လိုင်းရှော့ပင်များအတွက် အသုံးဝင်မယ့် ဗောက်ချာအက်ပလီကေးရှင်း

အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်များလာတဲ့ ယနေ့အချိန်မှာ ဝယ်သူတွေကို ဖောက်ချာထုတ်ပေး တဲ့အခါ စာရွက်နဲ့ထုတ်ထားတဲ့ ဗောက်ချာကို ပေးဖို့လိုသလို အွန်လိုင်းပေါ်ကနေပဲ ဗောက်ချာကို ထုတ်ပေးနိုင်ဖို့လည်း လိုအပ်လာပါတယ်။ အွန်လိုင်းကနေ ဗောက်ချာပေးဖို့ရော၊ စာရွက်အနေနဲ့ ထုတ်ပေးဖို့ရော လိုအပ်ချက်နှစ်ခုစလုံးကို အလွယ်တကူလုပ်ပေးနိုင်တဲ့ အက်ပလီကေးရှင်းက Instant Invoice အက်ပလီကေးရှင်းဖြစ်ပါတယ်။

အက်ပလီကေးရှင်းကို ဖွင့်ပြီးတာနဲ့ ဗောက်ချာကို စတင်ဖန်တီးနိုင်ပြီး အက်ပလီကေးရှင်းထဲမှာပါတဲ့ အခြေခံလိုဂို၊ အရောင်နဲ့ ဒီဇိုင်း တွေကို သုံးပြီးတော့ရော၊ ကိုယ်ပိုင်လိုဂိုနဲ့ စိတ်ကြိုက်ဒီဇိုင်းတွေ၊ အရောင် တွေကို သုံးပြီးတော့ရော ဗောက်ချာစာအုပ်ကို ဖန်တီးနိုင်ပါတယ်။

ဗောက်ချာစာအုပ်မှာ အစဉ်လိုက်ဖြစ်တဲ့ ဗောက်ချာအိုင်ဒီက အလိုလျောက်ပါဝင်မှာဖြစ်ပြီး ရက်စွဲနဲ့အတူ ရောင်းချတဲ့ကုန်ပစ္စည်းရဲ့ အချက်အလက်တွေ၊ အရေအတွက်တွေ၊ ဈေးနှုန်းတွေကိုတော့ ဗောက်ချာ ထုတ်ပေးတော့မယ်ဆိုမှ ဖြည့်စွက်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ အရေအတွက်အပေါ်မူတည်ပြီး ကျသင့်ငွေကို တွက်ချက်တာ၊ ကျသင့်ငွေတွေကို ပေါင်းပေးတာနဲ့ လျှော့ဈေးပေးတဲ့ပမာဏကို နုတ်ပေးတာ တွေကို လည်း အက်ပလီကေးရှင်းထဲမှာပဲ အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ အချက်အလက်တွေ အကုန်ဖြည့်ပြီးရင်တော့ ပုံမှန်ဗောက်ချာစာရွက်တွေအတိုင်း jpeg ဖိုင်အဖြစ်ထုတ်ပြီး အွန်လိုင်းကနေ တစ်ဆင့် ပေးပို့နိုင်သလို ပရင့်ထုတ်ချင်ရင်လည်း ဖုန်းကိုကြိုးနဲ့ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ ပရင်တာနဲ့ ချိတ်ဆက်ပြီး အလွယ်တကူထုတ်နိုင်ပါတယ်။

ဒီအက်ပလီကေးရှင်းကို ပလေးစတိုးမှာ Instant Invoice Epicsoft လို့ ရိုက်ရှာပြီး အခမဲ့ဒေါင်းလုပ် ဆွဲရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစားကလည်း 7MB ပဲရှိပြီး ဖုန်းအမျိုးအစားအနေနဲ့လည်း Android 5.0 ကနေ နောက်ပိုင်းထွက် ဖုန်းအားလုံးမှာသုံးနိုင်ပါတယ်။

ကျော်ဇင်ဦး