အွန်လိုင်းမှထိုးကြမည် အောင်ဘာလေသိန်းဆုထီ

တွေ့ဆုံမေးမြန်း-ထက်လျှံ

အောင်ဘာလေသိန်းဆုထီလက်မှတ်များကို ပုံနှိပ်ပြီး ရောင်းချသည့်စနစ်အပြင် ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန်၊ အောင်ဘာလေ အွန်လိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် လွယ်ကူစွာထီကံစမ်းနိုင်ရန် အောင်ဘာလေအွန်လိုင်းထီစနစ်ကို ပြည်သူများအတွက် ဇွန်လ ၈ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သည်။

တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့ကျန်းမာပျော်ရွှင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အောင်ဘာလေအွန်လိုင်းထီစနစ်သည် တစ်ခုအပါအဝင်ဖြစ်သည်။

အက်ပလီကေးရှင်းကို အသုံးပြုပြီး ထီလက်မှတ်ဝယ်ယူခြင်း၊ ထီဖိုးငွေပေးချေခြင်းမှစပြီး ဆုငွေရယူခြင်းအထိ လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သလို ထီတိုက်ရန်မလိုဘဲ ကံထူးသူ၏ မိုဘိုင်းတယ်လီဖုန်းကို SMS ပေးပို့အကြောင်းကြားကာ ထီဆုငွေထုတ်ယူရာတွင် မှန်ကန်လွယ်ကူစေရေးအတွက် ပမာဏနည်းသည့် ဆုကြေးငွေများကို အွန်လိုင်းမှ လွှဲပြောင်းပေးခြင်း၊ ထီကံထူးသူ၏ ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ခြင်းများကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။        ။အောင်ဘာလေထီကို အွန်လိုင်းက ကံစမ်းနိုင်ဖို့ ဆောင်ရွက်ရပုံအဆင့်ဆင့်ကို ပြောကြားပေးစေလိုပါတယ်။

ဖြေ။        ။ထီကံစမ်းလိုသူ ပြည်သူတွေအနေနဲ့ အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီစနစ်ကနေ ထီလက်မှတ်တစ်စောင်ကို ငွေကျပ် ၁၀၀၀ နဲ့ ဇွန်လ ၈ ရက်နေ့ကစတင်ပြီး ဝယ်ယူကံစမ်းနိုင်ပြီဖြစ်ပါတယ်။ Application ကို အသုံးပြုပြီး ထီထိုးဖို့အတွက် Application ကို Download ရယူခြင်း၊ Application ကို ဝင်ရောက်ပြီး Account ဖွင့်လှစ်ခြင်းတို့ကို ကနဦးဆောင်ရွက်ရမှာဖြစ်ပါတယ်။ Aung Bar Lay Application ကို aungbarlay.ird.gov.mm ကနေ အလွယ်တကူ Download ရယူနိုင်သလို QR Code ကိုဖတ်ပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။ 

Application ကို Download ရယူပြီးရင် Application ကိုဝင်ရောက်ပြီး Account ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ချိန်မှာ မိမိရဲ့ဖုန်းနံပါတ်ကိုသာ ဖော်ပြဖို့လိုအပ်ပြီး ထီပေါက်တဲ့အချိန်မှသာ ထီဆုငွေထုတ်ယူဖို့ မိမိရဲ့နိုင်ငံသားစိစစ်ရေးကတ်အမှတ် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ အကောင့်ဖွင့်လှစ်ပြီးရင် စနစ်ထဲဝင်ရောက်ပြီး အွန်လိုင်းထီကို ကံစမ်းလို့ရပါပြီ။

အွန်လိုင်းထီကံစမ်းရာမှာ ပထမအဆင့်အနေနဲ့ ထီလက်မှတ်ဝယ်ယူဖို့ကဏ္ဍကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အက္ခရာနဲ့နံပါတ်တို့ကို ရွေးချယ်အတည်ပြုရမှာဖြစ်ပါတယ်။ ထီလက်မှတ်ရွေးချယ်ရာမှာ မိမိကြိုက်နှစ်သက်ရာ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်ကံစမ်းတာ၊ စနစ်မှ အလိုအလျောက် ရွေးချယ်ပေးတဲ့ သုံးစောင်တွဲ၊ ငါးစောင်တွဲ၊ ၁၀ စောင်တွဲတို့ကို ဝယ်ယူကံစမ်းတာတို့ကို တစ်ကြိမ်ကို အနည်းဆုံးတစ်စောင်မှ အများဆုံး ၁၀ စောင်အထိ အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ထီလက်မှတ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဇွန်လမှာရောင်းချတဲ့ အွန်လိုင်းထီလက်မှတ်အတွက် ဆ မှ ဌ အထိ အက္ခရာခြောက်လုံးသတ်မှတ် ပေးထားတာဖြစ်တဲ့အတွက် အွန်လိုင်းထီကံစမ်းသူ တွေအနေနဲ့ ဆ မှ ဌ အထိ အက္ခရာခြောက်လုံးထဲကသာ ရွေးချယ်ခွင့်ရှိမှာဖြစ်ပါတယ်။ မိမိကံစမ်းလိုတဲ့ အက္ခရာနဲ့ နံပါတ်တို့ကို ရွေးချယ်အတည်ပြု ပြီးရင် တတိယအဆင့်အနေနဲ့ မိမိနှစ်သက်ရာ ငွေပေးချေမှုစနစ်တစ်ခုကို ရွေးချယ်ပြီး ငွေပေးချေ ရမှာဖြစ်ပါတယ်။ ငွေပေးချေမှု အောင်မြင်ပြီးရင် ဝယ်ယူမှုအောင်မြင်ကြောင်း SMS လက်ခံရရှိမှာဖြစ်ပြီး အွန်လိုင်းထီဝယ်ယူတဲ့ လုပ်ငန်းစဉ် ပြီးမြောက်ပြီဖြစ်ပါတယ်။

မေး။        ။နည်းပညာပိုင်းမှာ အားနည်းတဲ့သူတွေပါ လွယ်လင့်တကူ ကံစမ်းလို့ရအောင် ဘယ်လိုဆောင်ရွက်ထားပါသလဲ။

ဖြေ။        ။Service Provider ဘက်က ပြောကြားချက်အရ မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်စေဖို့ User Interface နဲ့ Graphic User Interface တွေကို ရှင်းလင်းလွယ်ကူအောင် ပြင်ပမှာ ဝယ်ယူရတဲ့သဘာဝနဲ့လည်း အများကြီး ကွဲပြားမှုမရှိအောင် ပြင်ဆင်ထားပါတယ်။ Android နဲ့ iOS အက်ပလီကေးရှင်းတွေအပြင် ဖုန်းမော်ဒယ် အားလုံးမှာ အသုံးပြုနိုင်တဲ့ Webview Version ကိုလည်း ဆောင်ရွက်ထားတာကြောင့် မည်သူမဆို အလွယ်တကူ ထီထိုးကံစမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုကံစမ်းရာမှာ မရှင်းလင်းတဲ့အချက်တွေကို အချိန်နဲ့တစ်ပြေးညီ မေးမြန်းနိုင်ဖို့ Customer Care Service ကိုလည်း ဆောင်ရွက်ထားရှိပါတယ်။ 

မေး။        ။အွန်လိုင်းက ကံစမ်းရတဲ့အတွက် ဘယ်လိုအားနည်းချက်တွေ ရှိနိုင်ပါ သလဲ။

ဖြေ။        ။Service Provider ဘက်က ပြောကြားချက်အရ အချို့ဝေးလံခေါင်ဖျားဒေသတွေမှာ Internet Access မရှိခဲ့ရင် အွန်လိုင်းထီ ကံစမ်းလို့မရသလို ထီထိုးဖို့ အသုံးပြုမယ့် Device ကလည်း Keypad ဖုန်းဆိုရင် ကန့်သတ်ချက်ရှိနိုင်ပါတယ်။ E-Wallet / Digital Currency ကို အသုံးပြု မှုရင်းနှီးကျွမ်းဝင်အောင်နဲ့ easy access ဖြစ်အောင်လုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့လိုပါတယ်။

မေး။        ။အားသာချက်အနေနဲ့ ဘာတွေရရှိနိုင် မလဲရှင်။

ဖြေ။        ။အောင်ဘာလေအွန်လိုင်းသိန်းဆုထီက လက်ရှိရောင်းချနေတဲ့ အောင်ဘာလေ ထီနဲ့မတူဘဲ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ထီလက်မှတ်တန်ဖိုး တစ်ထောင်ကျပ်နဲ့ အချိန်မရွေး လွယ်ကူစွာဝယ်ယူကံစမ်းနိုင်တယ်။ ထီတိုက်ဖို့ မလိုသလို ထီလက်မှတ်ကို ထိန်းသိမ်းဖို့လည်း မလိုပါဘူး။ အက္ခရာနဲ့ ဂဏန်းနံပါတ်တွေကို မိမိ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီး ကျပ် ၁၀ သိန်းအောက် ထီဆုငွေကို Application မှထုတ်ယူနိုင်တဲ့ အားသာချက်တွေရှိပါတယ်။

မေး။        ။ချီးမြှင့်နေတဲ့ ထီဆုတွေအကြောင်း၊ ထီပေါက်ရင် ဘယ်လိုထုတ်ယူနိုင်တယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။        ။ဇွန်လ ၁ ရက်နေ့ (၅၂) ကြိမ်မြောက် အောင်ဘာလေထီနဲ့အတူ အောင်ဘာ လေအွန်လိုင်းထီဖွင့်ပွဲကို ပူးတွဲကျင်းပမှာဖြစ်ပါတယ်။ ထီဆုငွေခွဲဝေမှု အစီအစဉ်အနေနဲ့က အောင်ဘာလေထီနဲ့ အောင်ဘာလေအွန်လိုင်း ထီလက်မှတ်ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ချီးမြှင့်မှာဖြစ်ပါတယ်။ အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀၀ (သိန်းငါးထောင်)ဖြစ်ပြီး အနိမ့်ဆုံးက ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) သတ်မှတ်ထားပါတယ်။ အောင်ဘာလေအွန်လိုင်း ထီအတွက် ထီဆုငွေထုတ်ပေးမယ့် အစီအစဉ်က ကျပ် ၁၀ သိန်းနဲ့အောက် ထီဆုငွေတွေ ထုတ်ပေးရာမှာ အွန်လိုင်းထီကံစမ်းစဉ်က ကံထူးရှင်ရွေးချယ် အသုံးပြုခဲ့တဲ့ Pay ကို တိုက်ရိုက်လွှဲပြောင်းထုတ်ပေးမှာ ဖြစ်ပါတယ်။

ကံထူးရှင်က KBZ Pay နဲ့ ထီထိုးကံစမ်းခဲ့ရင် KBZ Pay ၊ AYA Pay နဲ့ထီထိုးကံစမ်းခဲ့ရင် AYA Pay၊ အခြား Pay တွေဆိုရင်လည်း ဒီ Pay အတိုင်း လွှဲပြောင်းထုတ်ပေးမှာဖြစ်ပါတယ်။ အွန်လိုင်းထီ အတွက် ငွေကျပ် ၁၀ သိန်းအထက် ထီဆုငွေတွေကို အောင်ဘာလေသိန်းဆုဌာနခွဲ ရန်ကုန်နဲ့ မန္တလေး ရုံးခွဲတွေမှာ လက်ရှိဆောင်ရွက်နေတဲ့ အောင်ဘာလေ ထီဆုငွေ ထုတ်ပေးတဲ့လုပ်ငန်းစဉ်အတိုင်း ထုတ်ပေး သွားမှာဖြစ်ပါတယ်။

အွန်လိုင်းထီပေါက်ခဲ့ရင် ထီပေါက်ကြောင်းကို Application မှာပါဝင်တဲ့ ကျွန်ုပ်၏ ထီလက်မှတ် ကဏ္ဍမှာပါဝင်တဲ့ (ထီပေါက်ပါသည် ခေါင်းစဉ်အောက်)မှာ ဖော်ပြထားမှာဖြစ်သလို ထီကံထူးရှင်ထံ SMS စာတိုပေးပို့ပြီး အသိပေးအကြောင်းကြားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထီကံထူးရှင်ထံ ထီဆုငွေ ထုတ်ယူဖို့ လျှို့ဝှက်ကုတ်ပါဝင်တဲ့ SMS ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်။ ထီကံထူးရှင်က ပေးပို့ခဲ့တဲ့ လျှို့ဝှက်ကုတ်နံပါတ်ကို အသုံးပြုပြီး Application ကတစ်ဆင့် ထီဆုငွေကို လျှောက်ထားဖို့လိုအပ်ပါတယ်။ ထီဆုငွေတွေကို အကြိမ်အလိုက် အောင်ဘာ လေသိန်းဆုထီပေါက်စဉ် ကြေညာတဲ့နေ့ကနေ တစ်နှစ်အတွင်း တောင်းခံနိုင်တယ်ဆိုတာ အသိ ပေးပြောကြားလိုပါတယ်။

မေး။        ။ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

ဖြေ။        ။အောင်ဘာလေ အွန်လိုင်းထီကံစမ်းနိုင် ဖို့ Application ရယူနိုင်တဲ့ Link နဲ့ QR Code တွေကို နိုင်ငံပိုင်သတင်းစာတွေ၊ မြဝတီ သတင်းစာနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Website တွေမှာ ဖော်ပြပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် Android ဖုန်းနဲ့ iOS ဖုန်းတွေမှာ Install ပြုလုပ်ပုံအဆင့်ဆင့်ကို ဌာနရဲ့ Website မှာ Video Clip တွေနဲ့ လွှင့်တင်ပေးထားတဲ့အပြင် သတင်းစာတွေမှာလည်း ဖော်ပြပေးထားပါတယ်။

Aung Bar Lay Application မှာ Account ဖွင့်လှစ်ပုံကို ဌာနရဲ့ Website မှာ Video Clip နဲ့လွှင့်တင်ပေးထားသလို နိုင်ငံပိုင်ရုပ်သံလွှင့်မီဒီယာ တွေမှာလည်း ထုတ်လွှင့်ပြသပေးလျက်ရှိပါတယ်။ စနစ်ကနေ ထီလက်မှတ်ဝယ်ယူမှုအတွက် ပထမ အဆင့်အနေနဲ့ Application အသုံးပြုသူတွေအတွက် KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay၊ Mytel Pay တို့နဲ့ ငွေပေးချေနိုင်ဖို့ ဆောင်ရွက်ထားပြီး Website အသုံးပြုသူတွေအတွက် Mytel Pay ၊ uab Pay တို့နဲ့ ငွေပေးချေနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အခြားအီလက်ထရွန်နစ် ငွေပေးချေမှုတွေကို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက်လည်း Service Provider က ဆက်လက်ဆောင်ရွက်လျက်ရှိ ပါတယ်။

အောင်ဘာလေ Application မှာ အကောင့်ဖွင့်ခြင်းကို MPT၊ Mytel၊ ATOM၊ Ooredoo အော်ပရေတာလေးမျိုးနဲ့ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာ SIM Card အသုံးပြုသူတွေအနေနဲ့ Install ပြုလုပ်လို့ရသလို လက်ရှိကာလမှာ KBZ Pay နဲ့ ပြည်ပက ထီထိုးသူတွေ ရှိတယ်လို့လည်း သိရှိရပါတယ်။

အောင်ဘာလေ အွန်လိုင်းသိန်းဆုထီနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Applicationရဲ့ စည်းကမ်းချက်များကဏ္ဍနဲ့ အမေးအဖြေကဏ္ဍတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Application အသုံးပြုရာမှာ အခက်အခဲတစ်စုံ တစ်ရာကြုံတွေ့ရရင်လည်း Hotline No. ၀၉၆၇၇၀၀၀၇၇၇ (Mytel Hotline No. ၇၇၇) ၊ email လိပ်စာ [email protected] ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်လို့ အသိပေး ပြောကြားလိုပါတယ်။    ။