အင်းဝ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းလှည်းဝန်ဆောင်မှုလုပ်ငန်းတွင် အမျိုးသမီး မြင်းလှည်းမောင်းသူ (၂၀)ကျော်ပါဝင်လာ

မန္တလေး ၁၅ စက်တင်ဘာ

ခရီးသွားဧည့်သည် အများအပြား လာရောက်သည့်အတွက် တံတားဦးမြို့နယ် အင်းဝရှေးဟောင်းဒေသမှ မြင်းလှည်းသမားများ အဆင်ပြေလာသည်။ အင်းဝဒေသ မြင်းလှည်းဝန်ဆောင်မှုလုပ်ငန်း တွင် အမျိုးသမီး မြင်းလှည်းမောင်းသူ (၂၀)ကျော် ပါဝင်သည်။ မြင်းလှည်းမှာ အိုးတုတ္တန်းတွင် ဂိတ်ထိုးကာ အစီစဉ်တကျ လိုက်ကြရသည်။ ဒေသအခေါ် ခရုပတ်တွင် မြင်းလှည်းများ ဂိတ်ထိုးထားသည်။ 

 

2188

 

မြင်းလှည်းဆရာများမှာ နိုင်ငံတကာ ခရီးသွား ဧည့်သည်များနှင့် ပြောဆိုမှုများလာသည့်အတွက်  သွားလာလည်ပတ်မှုအတွက်  ကျွမ်းကျင်စွာ ပြောဆိုလာနိုင်ကြောင်း သိရသည်။ ဇူလိုင်လဆန်းပိုင်းမှစကာ လက်ရှိစက်တင်ဘာလဆန်းပိုင်းအထိ အင်းဝဒေသသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု ပိုမိုများပြားလာသည်။

မြင်းလှည်းတစ်ခေါက်ထွက်ရလျှင် ငွေကျပ်တစ်သောင်းငါးထောင်ရကာ ပုံမှန်နေ့တွက်ဟု ပြောနိုင်သည်။ မြင်းအစာမှာ တစ်နေ့လျှင် ငွေကျပ်နှစ်ထောင်ကျော်ကုန်ကြသည်။ အမျိုးသမီး မြင်းလှည်းမောင်းသူများ မြင်းလှည်းမောင်းသည့် မြင်ကွင်းကို နိုင်ငံတကာခရီးသွား ဧည့်သည်များက  မှတ်တမ်းယူလေ့ရှိသည်။ လက်ရှိကာလတွင် မြင်းလှည်းတစ်စီးလျှင် နှစ်ခေါက်နှုန်းထွက်ရသည့်အတွက် အဆင်ပြေကြသည်။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် အင်းဝသို့ လာရောက်လည်ပတ်သူ များပြားကြောင်း သိရသည်။

လက်ရှိကာလ အင်းဝမြို့ဟောင်းတွင် ခရီးသွားဧည့်သည်များအတွက် ခရီးသွားဝန်ဆောင်မှု မြင်းလှည်းမောင်းလုပ်ငန်းမှာ အမျိုးသမီးများအတွက်ပါ အလုပ်အကိုင်အခွင့် အလမ်းရရှိနေသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့သည်။

ပညာရှင်များ၏ တွက်ချက်ခန့်မှန်းချက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားဧည့်သည် ခုနစ်သန်းကျော် ရောက်ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ အင်းဝမြို့ဟောင်းမှ မြင်းလှည်းဝန် ဆောင်မှုလုပ်ငန်းလုပ်သည့် မြင်းလှည်းဆရာများမှာ နိုင်ငံတကာခရီးသွားဧည့်သည်များကို အားထားနေရပြီး လက်ရှိကာလ ခရီးသွားဧည့်သည်လာရောက်မှု များပြားသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။    
                
တိမ်တမန်