မိုးညှင်း ၁၈ ဖေဖော်ဝါရီ
အထက်မြန်မာပြည်၏ တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သော ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့ နန့်ပတဲကျေးရွာအရှေ့ဘက် အင်းတော်ကြီး အိုင်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေမဉ္ဇူရေလယ် စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်းပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
ရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း(၈) ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခင်နှစ်များအတိုင်း ဇာတ်သဘင် အကအဖွဲ့များ၊ ရှမ်းနီတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများနှင့် အကအဖွဲ့များ၊ အင်းဘေး ပတ်ဝန်းကျင် ကျေးရွာများမှ လှေလှော်အားကစားပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ ဌာနဆိုင်ရာများမှ ပညာပေးပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်သည်။
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပွဲတော်နောက်ဆုံးနေ့တွင် အနယ်နယ်အရပ်ရပ်မှ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာလေးများအား အစဉ်အလာမပျက် ဆွမ်းဆန်စိမ်း လောင်းလှူသွားမည် ဖြစ်သည်။
ပွဲတော်လာ ဘုရားဖူးပြည်သူများအတွက် နေရေးထိုင်ရေး အဆင်ပြေစေရန် အခမဲ့တည်းခိုနိုင်သည့် ဇရပ်များလည်း တိုးချဲ့တည်ဆောက်ထားကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


