အင်္ဂလန်ရှိကျောင်းတွေမှာ မျက်နှာဖုံးဝတ်ဆင်ရမယ်လို့ အစိုးရပေါ်လစီပြောင်း

၂၆ ဩဂုတ်

 

ဗြိတိန်အစိုးရက အင်္ဂလန်အတွင်းရှိ ကျောင်းသူကျောင်းသားတွေအား မျက်နှာဖုံးဝတ်ဆင်ရမယ်လို့ အစိုးရမူဝါဒ ပြောင်းလိုက်ကြောင်း သိရပါတယ်။ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု များနေတဲ့အတွက် အစိုးရရဲ့ ကိုင်တွယ်ပုံကို ဝေဖန်မှု‌‌တွေထွက်ပေါ်စဉ် အခုလို မူဝါဒကို ပြောင်းတာလို့ဆိုပါတယ်။

 

ကျောင်းသူကျောင်းသားတွေဟာ ခြောက်လနီးပါး ကျောင်းတွေပိတ်ထားရာမှ လာမယ့်သီတင်းပတ်မှာ စာသင်ခန်းတွေ ပြန်အဖွင့်တွင် မျက်နှာဖုံးဝတ်ရန် မလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးတွေက ပြောဆိုခဲ့ပါတယ်။

 

ဒါပေမယ့် အင်္ဂါနေ့ ညနေပိုင်းမှာတော့ ဗြိတိန်အစိုးရက ကျောင်းသူကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ စင်္ကြံတွေနဲ့ လူစုလူဝေးနေရာတွေမှာ မျက်နှာဖုံးဝတ်ဆင်သင့်တယ်လို့ အကြံပြုထားပါတယ်။

 

စကော့တလန်ရဲ့ စည်းမျဉ်းကို အင်္ဂလန်မှ ကျောင်းတွေလည်း လိုက်နာသင့်ကြောင်း ကျောင်းဆရာဆရာမများ သမဂ္ဂက တောင်းဆိုနေပါတယ်။ စကော့တလန်မှာ ကျောင်းသူကျောင်းသားတွေဟာ စာသင်ခန်းအတွင်းမှာ နှာခေါင်းနဲ့ ပါးစပ်တွေအုပ်ထားဖို့ လိုအပ်ပါတယ်။

 

စကော့တလန်၊ ဝေးလ်စ်နဲ့ မြောက်အိုင်ယာလန်မှာ ဒေသတွင်းအစိုးရတွေကနေ ပညာရေးနဲ့ပတ်သတ်ပြီး ကိုယ်တိုင်ဆုံးဖြတ်နေတာကို တွေ့ရပါတယ်။

 

နောက်သီတင်းပတ်မှာ စတင်မယ့် မြောက်အိုင်ယာလန်က ကျောင်းတွေပြန်အဖွင့်မှာ ကျောင်းသူကျောင်းသားတွေဟာ  စာသင်ခန်းအပြင်မှာပါ မျက်နှာဖုံးဝတ်ဆင်ရေး ထုတ်ပြန်ထားပါတယ်။

 

MDN

ကိုးကား - AFP