အင်ဒိုနီးရှားတွင် ပြင်းအား ၆ ဒသမ ၂ ပမာဏ ငလျင်လှုပ်ခတ် လူသုံးဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

၁၅ ဇန်နဝါရီ

 

 

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း ဆူလာဝေစီပြည်နယ်တွင် ယနေ့မနက် အစောပိုင်းက  ပြင်းအား ၆ ဒသမ ၂ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၂၄ ဦး ဒဏ်ရာရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့သည်။

 

 

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မာဂျီနီခရိုင်နှင့် မာမူဂျုမြို့ရှိ ဒေသခံ ၂၀၀၀ ခန့်သည် နေအိမ်များမှ ထွက်ပြေးကြပြီး ဘေးကင်းလုံခြုံမှုရှိသော အဆောက်အဦများတွင် ခိုလှုံခဲ့ကြသည်ဟု ထိုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ရာဒီတာ ဂျာတီက ဆိုသည်။

 

 

နေအိမ် ၆၂ လုံး၊ ဆေးရုံတစ်ရုံနှင့် စစ်ဘက်ဆိုင်ရာရုံးတစ်ရုံးတို့ ထိုငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားသည်။

 

 

ဟိုတယ်သုံးလုံး၊ မီထရာ မာနာကာရာဆေးရုံ၊ ပါလီမန် အဆောက်အဦနှင့် အစိုးရရုံး၏ အဓိကနေရာများ ပျက်စီးသွားခဲ့ကြောင်း ပြည်နယ်လူမှုရေးရာဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆေရီဖူဒင်က သတင်းထောက်များကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

 

 

ငလျင်ဘေးသင့်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး၏ ပြောကြားချက်အရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို