အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ သင်္ဘောနစ်မြုပ်မှုဖြစ်ပွားသဖြင့် လူခြောက်ဦးသေဆုံးပြီး ခြောက်ဦးပျောက်ဆုံး

ဇွန် ၃၀
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ယမန်နေ့က ခရီးသည်တင်သင်္ဘောနစ်မြုပ်မှုဖြစ်ပွားသဖြင့် လူခြောက်ဦးသေဆုံးခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း အကြီးတန်းရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။
ခရီးသည် ၄၁ ဦးနှင့် သင်္ဘောသား ၁၅ ဦးပါ ယုနီစီသင်္ဘောသည် ဘာလီကျွန်း ဂီလီမာနတ်ခ်ဆိပ်ကမ်းသို့မရောက်မီ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု အရှေ့ဂျာဗားပြည်နယ်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာန အကြီးအကဲ အီဝါယန် ဆူရတ်နာက သတင်းထောက်များကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်သည်ဟု ယူဆရသည်။
ထိုမတော်တဆမှုဖြစ်ပွားသည့် ညနေပိုင်းတွင် ရာသီဥတု အလွန်ဆိုးရွားခဲ့ကြောင်း ဆူရတ်နာကပြောကြားသည်။
ယင်းသင်္ဘောမတော်တဆနစ်မြုပ်မှုကြောင့် အမျိုးသားသုံးဦးနှင့်အမျိုးသမီးသုံးဦးအပါအဝင် ခြောက်ဦး သေဆုံးကာ ခြောက်ဦးပျောက်ဆုံးနေပြီး လက်ရှိအချိန်အထိ လူ ၄၄ ဦးကို ဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့သည်ဟု ဆူရတ်နာက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

mdn