ဂျကာတာ နိုဝင်ဘာ ၁၁

 

 အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာ တန်ဂရာပြည်နယ်တွင် တည်ရှိသော လာဝိုတိုဘီ မီးတောင်သည် နိုဝင်ဘာ ၁၁ ရက်တွင် ထပ်မံပေါက်ကွဲခဲ့သဖြင့် ဒေသခံ ၁၂၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ် လျော့ပါးရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

အိစ် ဖလောရက်စ်ခရိုင်တွင် တည်ရှိသော ၎င်းမီးတောင်ပေါက်ကွဲမှုကြောင့် ကောင်းကင်ယံသို့ မီတာ ၂၅၀၀ အထိ ပြာများလွင့်ထွက်ခဲ့ပြီး အနောက်နှင့် အနောက်မြောက်ဘက်သို့ ပျံ့နှံ့သွားခဲ့ကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောကြားခဲ့သည်။ မီးတောင်ဝတစ်ဝိုက် ၇ ကီလိုမီတာမှ ၉ ကီလိုမီတာအထိ အကွာအဝေးအား အန္တရာယ်ရှိသောဇုန်အဖြစ် သတ်မှတ်ခဲ့သည်။  

 

လက်ရှိအချိန်အထိ လူဦးရေ ၁၂၀၀၀ ကျော်သည် ဘေးလွတ်ရာတွင် ခိုလှုံနေကြကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူ ရစ်ချက်ဖတ်ဒ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ မီးတောင်ဝ၏ ၁၂ ကီလိုမီတာအကွာအဝေးအတွင်းရှိ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

 

၎င်းအေဂျင်စီနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများသည် သဘာဝဘေးသင့်သူများကို ဆေးဝါးကုသရေး ဆောင်ရွက်ရန်နှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန် ကယ်ဆယ်ရေးစခန်း သုံးခုကို ဖွင့်လှစ်ခဲ့သည်။ နိုဝင်ဘာ ၄ ရက်ကလည်း အဆိုပါမီးတောင်ပေါက်ကွဲခဲ့ရာ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ