အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ရန်ကုန် ၈ ဇွန်             

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအတွက် ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ဇွန် ၇ ရက် နံနက်(၁၀)နာရီက ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ကိုယ်စားလှယ်များ၊ အင်းစိန် မြို့နယ် ကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရာ အင်းစိန်မြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးနီထွန်းက မြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့် ယာဉ်မတော်တဆဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာ ရရှိသော ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ လူနာတင်ယာဉ်ဖြင့် သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးနေမှု မှတ်တမ်းများ၊ပြည်သူများ အသင်းရုံသို့ ကျန်းမာရေးကိစ္စဖြင့် အကူညီတောင်းခံသဖြင့် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း မှတ်တမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော လုပ်ဆောင်မှု မှတ်တမ်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ လိုအပ်လျှင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများက SCOOP STRETCHER ရင်ခွဲကဒ်(၁)ခုနှင့် HEAD IMMOBILIZER ဦးခေါင်းထိန်း(၁)ခုတို့အား လှူဒါန်းရာ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများဖြစ်သော ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)