အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

ရန်ကုန် ၂၁ ဇန်နဝါရီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၁ နာရီက အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများဖြစ်ကြသော အင်းစိန်မြို့နယ်၊ အမျိုးသားလွှတ်တော်  ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ မြို့နယ်ရဲမှူး စိန်ဝင်း၊ မူးယစ်တပ်ဖွဲ့စု(၄၀)မှ ဒုရဲအုပ်ဝေဖြိုးဦး၊ ဒုမြို့နယ် ဥပဒေအရာရှိ ဒေါ်လဲ့လဲ့မိုးပွင့်ဖြူ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာစိုးထက်ကျော်နှင့် မူးယစ်ဆေးဝါး ဆန့်ကျင် ရေးအသင်း ဥက္ကဋ္ဌ ဦးဘိုကြည်တို့က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါး၏ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် သိကောင်းစရာများကို ကဏ္ဍအလိုက် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိလိုသည့် မေးခွန်းများကို ပြန်လည်မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍအလိုက်အသီးသီး ပြန်လည်ဖြေကြားခဲ့သည်။

 

ဆက်လက်၍ အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါပြည်သူ့စကားဝိုင်းသို့ ကျောင်းသားကျောင်းသူ (၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)