ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၂) အဆောင်များအတွင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ကြက်ခြေနီအသင်းခွဲ(အင်းစိန်)မှ တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ အင်းစိန်(GTI) Quarantine Center (၂) တွင် Quarantine ဝင်ထားသည့် အဆောင်များအတွင်း ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ကြက်ခြေနီအသင်းခွဲ (အင်းစိန်)မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းခွဲ၊ ဘေးဒုက္ခဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီအသင်းခွဲ၊ ကြီးကြပ်မှုကော်မတီဝင် ဦးကျော်မြင့်အောင်တို့မှ အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားကာ ကြက်ဉအလုံး ၃၀၀ ကို လှူဒါန်းခဲ့သည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း ၁ ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ ၆ ခု ဖွင့်လှစ်ထားရှိကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers ၇၀ ဦးနှင့် Ambulances ၁၃ စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


