အင်း၀ဒေသရှိ မယ်နုအုတ်ကျောင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိ

တံတားဦး ၁၉ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်း၀ရှေးဟောင်းဒေသရှိ အောင်မြေဘုံစံ (ခ) မယ်နုအုတ်ကျောင်းသို့ ရုံးပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

 

0155

 

“အင်း၀ဒေသကို ခရီးသွားတွေ လာရောက်လေ့လာတာ ယခုနောက်ပိုင်း သိသိသာသာများလာတယ်၊ ပြည်ပခရီးသွား လာရောက်မှုကတော့ နေ့စဉ်ရှိပါတယ်၊ ပြည်တွင်းခရီးသွားကတော့ ခုလို ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များနှင့် အခါကြီး ရက်ကြီးတွေမှာ လာရောက်သူ ပိုမိုများပြားပါတယ်၊ အင်းဝလာတဲ့ ခရီးသွားတွေက မယ်နုအုတ်ကျောင်းကို မလာဘဲ ပြန်တဲ့သူမရှိဘူး၊ နာမည်ကြီးကျောင်းကြီးလေ၊ ဒီကျောင်းကြီးရဲ့ ဗိသုကာလက်ရာတွေ၊ ရှေးခေတ်ပညာရှင်တွေရဲ့ တည်ဆောက်ပုံလက်ရာတွေ၊ အုတ်ကျောင်းကြီးရဲ့ ထုထည်ကြီးမားမှုတွေကို စိတ်ဝင်စားလေ့လာကြတယ်”ဟု ဒေသခံများက ပြောသည်။

အင်း၀မြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းကို မြန်မာသက္ကရာဇ် ၁၁၈၄ ခုနှစ်တွင် စတုတ္ထမြို့တည်၊ နန်းတည် ဘကြီးတော် မင်းတရားကြီးနှင့် နန်းမတော်မယ်နုတို့မှ လှူဒါန်းခဲ့သည်။ ကျောင်းဆောက်လုပ်ရာတွင် (၅)နှစ်ကျော် ကြာမြင့်ခဲ့ပြီး ၁၁၈၉ ခုနှစ်တွင် မဟာအောင်မြေဘုံစံဟု ကဗ္ပည်းထိုးကာ ညောင်ကန်ဆရာတော် ဦးပိုအား ရေစက်ချလှူဒါန်းခဲ့သည်။

ဦးပိုပျံလွန်တော်မူပြီးနောက် ညောင်ကန်ဆရာတော် ဦးဗုဓ်ကို ထပ်မံလှူဒါန်းခဲ့သည်။ အုတ်ကျောင်းမှာ အကျယ်အဝန်းအားဖြင့် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ၊ အမြင့် ၉၄ ပေရှိပြီး အေဒီ (၁၉) ကုန်းဘောင်ခေတ် လက်ရာများကို လေ့လာနိုင်သည်။ 

အုတ်ကျောင်းကြီး၏ ကျောင်းဦးပြာသာဒ်နှင့် အဆောင်မကြီးကို ၉ ပေခွာ၍ တည်ဆောက်ထားပြီး ပြာသာဒ်ဆောင်ကို မျက်နှာလေးဘက် ဖွင့်ထားသည်။ အဆောင်မကြီးတွင် အရှေ့အနောက်တန်းလျက် အခန်းနှစ်ခန်းပါဝင်ပြီး ထိုအခန်းများကို စင်္ကြံပတ်လမ်းများဖြင့် ရစ်ပတ်ထားသည်။ အုတ်ပေါင်းကူး လူဝင်ပေါက်များတွင် သစ်သားတံခါးများ တပ်ဆင်ထားသည်။

အုတ်ကျောင်းကြီးသည် သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ နန်းမတော်မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)