ဧပြီ ၆

 

မန္တလေးမြို့ အမရပူရမြို့နယ်တွင်  ဆည်တော်ကြီး ဆည်ရေဖြင့် နွေစပါး ၇၄၈၀ ဧကနှင့် နှမ်း ၄၈၀ဝ ဧကကို လျာထား စိုက်ပျိုးလျက်ရှိရာ  စိုက်ဧက (၅၀) ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းဖြိုးထံမှ သိရသည်။

 

အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှုစာရင်းအရ  ၅၁၂၆၈ ဧကရှိပြီး ယခုနှစ်နွေရာသီတွင် နွေစပါးစိုက်ဧက ၇၄၈၀ ဧကနှင့် နှမ်း ၄၈၀ဝ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရန် ကြိုးစားလျက်ရှိရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များ တောင်သူလက်ဝယ် ရောက်ရှိရေးနှင့် နှမ်းစိုက်ပျိုးမှုတွင် GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကူညီပေးလျက်ရှိသည်။ နွေစပါးစိုက်ပျိုးရာတွင် သက်တမ်းတို အထွက်တိုးသည့် ရွှေသွယ်ရင်စပါးမျိုးကို အများစုစိုက်ပျိုးကြသည်။

 

အမရပူရမြို့နယ်အတွင်းတွင် စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းကာ အထွက်တိုးရန်အတွက် ဒေါင်းရွေးနည်းပညာ ပေးစင်တာ၊ နတ်ရေကန် နည်းပညာပေးစင်တာ၊ တမုဆိုးနည်းပညာပေးစင်တာ၊ ဆင်ရွာမြင်းမူ နည်းပညာပေး စင်တာများအဖြစ်  နည်းပညာပေးစင်တာ လေးခုထားရှိ ဆောင်ရွက်လျက်ရှိရာ တောင်သူများကလည်း စိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တိမ်တမန်